ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
Published 11 May 2026

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မေ ၁၁ ရက်တွင် ထောင်ဒဏ်မှ စောစီးစွာ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဆက်သွယ်ရေးနည်းပညာလုပ်ငန်းရှင် ဘီလျံနာသက်ဆင်သည် အဂတိလိုက်စားမှုဖြင့် ချမှတ်ထားသော ထောင်ဒဏ် ၁ နှစ်အနက် ၈ လကို ကျခံခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် ၄ လတာ ခံဝန်ကာလ အတွင်း အီလက်ထရောနစ်ခြေချုပ်တပ်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။

"သက်ဆင်ကို ချစ်တယ်" ဟု ဟစ်အော်နေကြသည့် အနီရောင်ဝတ်စုံဝတ် ထောက်ခံသူ ရာပေါင်းများစွာ စုဝေးနေကြသော ဘန်ကောက်အကျဉ်းထောင်အပြင်ဘက်တွင် သက်ဆင်သည် မိသားစုဝင်များကို ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။

သက်ဆင်ကို ထောက်ခံကြောင်း ပြသရန် စားသောက်ဆိုင် ထမင်းချက်အလုပ်မှ တစ်ရက်ခွင့်ယူလာသူ အသက် ၇၀ အရွယ် ဂျန်သနာ ချိုင်ဒက်ဂျ်က "သက်ဆင်ဟာ တစ်လ၊ နှစ်လလောက်တော့ ဝေးနေနိုင်ပေမဲ့ နိုင်ငံရေးထဲကနေတော့ ထွက်သွားမှာမဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။

စက်တင်ဘာလအထိ ခံဝန်ဖြင့် နေထိုင်ရမည့် သက်ဆင်တွင် အခြားရင်ဆိုင်ရမည့် ရာဇဝတ်မှုများ ကျန်ရှိနေသေးပြီး ထိုအချက်သည် ၎င်းအား လူထုကိုလှုံ့ဆော်သည့် မိန့်ခွန်းများပြောကြားခြင်းနှင့် နောက်ထပ် တရားစွဲဆိုခံရနိုင်ခြေရှိသည့် ကိစ္စရပ်များမှ တားဆီးထားနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

"ကျွန်တော် ရှစ်လကြာ ထောင်ထဲနေခဲ့ရတာပါ" ဟု သက်ဆင်က မြို့တော်ရှိ ၎င်း၏နေအိမ်အပြင်ဘက်တွင် ကားနောက်ပြတင်းပေါက်မှတစ်ဆင့် သတင်းထောက်များကို ပြောကြားခဲ့ပြီး ပြန်လည်လွတ်မြောက်လာသည့် အတွက် စိတ်သက်သာရာရမိသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ထောက်ခံသူတစ်ဦးဖြစ်သူ ပေါင်နာကောင်က သက်ဆင် လွတ်မြောက်လာသည်ကို မြင်ရသည့်အတွက် ဝမ်းသာမိကြောင်း အေအက်ဖ်ပီသတင်းသို့ ပြောကြားခဲ့သည်။

"သူ(သက်ဆင်) ကျွန်တော်တို့ကို ပစ်သွားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်" ဟု အသက် ၇၆ နှစ်အရွယ် အဆိုပါ တောင်သူပေါင်နာကောင်က ဆက်လက်ပြောဆိုခဲ့သည်။

သက်ဆင်၏ နိုင်ငံရေးယန္တရားသည် ဆယ်စုနှစ်နှစ်ခုစာအတွင်း ထိုင်းနိုင်ငံရှိ စစ်တပ်ထောက်ခံသူများနှင့် ဘုရင်စနစ်လိုလားသည့် အထက်တန်းလွှာများအတွက် အဓိကပြိုင်ဘက်ဖြစ်ခဲ့ပြီး အဆိုပါအစုအဖွဲ့များက သက်ဆင်၏ လူထုအခြေပြုမူဝါဒပုံစံသည် သမားရိုးကျလူမှုစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသည်။

Ref:AFP,Photo:AFP

Most Read

Most Recent