ထိုင်းတွင် အလုပ်သမားပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ပြီး မြန်မာလုပ်သားများနှင့် ဒုက္ခသည်များအပါအဝင် ပြည်ပလုပ်သားများကို ပိုမိုခေါ်ယူရန် စီစဉ်နေ

ထိုင်းတွင် အလုပ်သမားပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ပြီး မြန်မာလုပ်သားများနှင့် ဒုက္ခသည်များအပါအဝင် ပြည်ပလုပ်သားများကို ပိုမိုခေါ်ယူရန် စီစဉ်နေ
Published 22 May 2026

ထိုင်းတွင် အလုပ်သမားပြတ်လပ်မှုဖြစ် ပေါ်လာနိုင်ပြီး မြန်မာလုပ်သားများနှင့် ဒုက္ခ သည်များအပါအဝင် ပြည်ပလုပ်သားများကို ပိုမိုခေါ်ယူရန် စီစဉ်နေသည်ဟု ဘန်ကောက် ပို့စ်သတင်းတွင် ဖော်ပြထားသည်။

သက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘောဒီး ယားလုပ်သား တစ်သိန်းကိုးသောင်းကို သက် တမ်းတိုးခွင့်မပြုပါက အလုပ်သမားပြတ်လပ် မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ထိုင်းလုပ်ငန်းရှင် များက သတိပေးထားသည်။

ထိုင်းနိုင်ငံ အမျိုးသားအလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ  Tanit Sorat က တင်းကျပ်သော စည်းမျဉ်းများ ဖြေလျှော့ရန်နှင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားအလုပ်သမားများ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို ချောမွေ့စေရန် အာဏာပိုင်များအား တိုက်တွန်းထားကြောင်း သိရသည်။

“ကောင်စီက ဒီကိစ္စကို မေလ ၂၀ ရက် နေ့က ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးကဏ္ဍအနေနဲ့ အလုပ်သမားရှားပါးမှုအန္တရာယ်ကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေပါတယ်”ဟု ထိုင်းကုန် သွယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ Tanit က ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ် ပဋိပက္ခမဖြစ်မီက ကမ္ဘောဒီးယားအလုပ်သမား ၄၀၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားဝင် အလုပ်လုပ်ကိုင်ခဲ့ကြသည်။

ဇူလိုင် ၂၄ ရက်က ကမ္ဘောဒီးယားနိုင်ငံရှိ 7 Eleven စတိုးဆိုင်ကို ကမ္ဘောဒီးယားနိုင်ငံက ပစ်ခတ်သည့် ဒုံးကျည်ထိမှန်ခဲ့ပြီးနောက် ကမ္ဘောဒီးယားစစ်တပ်ပစ်မှတ်များကို ထိုင်းစစ်တပ်က လေကြောင်းမှ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက် လုပ်သားအများအပြားမှာနေရပ်သို့ ပြန်လာခဲ့ကြသည်။

လတ်တလောတွင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနသည် ကမ္ဘောဒီးယားအလုပ်သမား ၁၉၀၀၀၀ ကို ပါမစ်သက်တမ်းတိုးရန် အဆိုပြုခဲ့သော်လည်း အစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း အဆိုပါ ကိစ္စနှင့်နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အစိုးရသစ်အနေနဲ့ ဒီကိစ္စကို ချက်ချင်း စဉ်းစားဖို့ အစီအစဉ်မရှိဘူး”ဟု သူက ပြောကြားသည်။

ကမ္ဘောဒီးယား အလုပ်သမားများကို အတင်းအကျပ် ထွက်ခွာခိုင်းပါက မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့မှ အစားထိုးခေါ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းများသည် သိသာထင်ရှားသော အချိန်လိုအပ်မည်ဖြစ်ကြောင်း မစ္စတာ တန်နစ်က ပြောကြားသည်။

အလုပ်သမားပြတ်လပ်မှုကို ထိခိုက်မှုလျော့ပါးစေရန် ထိုင်းနိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကနဦးလုပ်သား ၁၀၀၀၀ ကို တိုးမြှင့်ရွေးချယ်နိုင်ကာ ၃၀၀၀၀ အထိ ထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။

အလားတူ အလုပ်သမားကိစ္စကို ဖြေရှင်းရန်အတွက်မြန်မာနိုင်ငံမှ ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ဒုက္ခသည်များကို ပိုမိုခေါ်ယူသွားရန်လည်း စီစဉ်ထားသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား လေးသန်းနီးပါးခန့်ရှိနေပြီး ယင်းတို့အနက် မြန်မာနိုင်ငံသားမှာ ၈၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်ကာ ကျန်ရှိသူများမှာ လာအိုနှင့် ဗီယက်နမ်နိုင်ငံမှ အလုပ်သမားများ ဖြစ်သည်။

Most Read

Most Recent