ပြည်သူ့ဟစ်တိုင်အဖြစ် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည့် မနော်ရမ္မံနေနေရာအား ပြန်လည်အသုံးပြုခွင့်ရရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော်မှ သတင်းရရှိသည်။
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ဇွန်လ ၁၁ရက်တွင် " ပြည်သူများလွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နေရာရရှိရေးဆောင်ရွက်ပေးနိုင်ရန် အစီအစဥ်ရှိမရှိ သိရှိလိုကြောင်း" မေးခွန်းကို ပြည်ကြီးတံခွန်မြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလွင်မှ မေးမြန်းခဲ့ကြောင်း သိရသည်။
" ၂၀၁၀-၂၀၁၅ခုနှစ် ပထမအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင်လည်း ပြည်သူများလွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နေရာရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ၎င်းမှပင် တင်ပြခဲ့ရာမဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၃၉လမ်းနှင့် ၄၃လမ်းကြားရှိ မနော်ရမ္မံကစားကွင်း အနီးမြေ ကွက်လပ်ကို ပြည်သူ့ဟစ်တိုင်(သို့မဟုတ်) ပြည်သူ့ရင်ပြင်(သို့မဟုတ် )ပြည်သူ့ဆန္ဒဖော်ထုတ်ခြင်းနေရာအဖြစ် သတ်မှတ်ပြီး အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅-၂၀၂၀ ဒုတိအကြိမ် တိုင်းဒေသကြီးလွှတ်တော်တွင်လည်း ပြည်သူ့ဆန္ဒဖော်ထုတ်ရာအဖြစ် ဆက်လက်အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ သို့သော် ၂၀၂၁ခုနှစ် နိုင်ငံရေးပဋိပက္ခအခြေအနေများဖြစ်ပေါ်ပြီးနောက် ထိုနေရာအား မနော်ရမ္မံညစျေးအဖြစ် ပြောင်းလဲခဲ့ပါသည်။
ဒီမိုကရေစီ၏စံနှုန်းသည် ရွေးကောက်ပွဲတွင် လွတ်လပ်စွာဆန္ဒမဲပေးခြင်း၊မတူကွဲပြားမှုဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိသောကြောင့် ပြည်သူများဆန္ဒဖော်ထုတ်ရန်နေရာအား ပြန်လည် သတ်မှတ်ပေးရန်ရှိမရှိသိရှိလိုပါကြောင်း" မေးမြန်းခဲ့သည်။
မေးခွန်းနှင့်ပတ်သက်ပြီး ယခင်ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့သည့် မနော်ရမ္မံညစျေးအနီးနေရာလုံတွင်ပင် နံနက်မှစတင်ပြီး ညနေ၃နာရီအတွင်း အသုံးပြုခွင့်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြပေးသွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက ပြန်လည်ဖြေကြားခဲ့သည်။















