Miss Grand Myanmar ပြိုင်ပွဲကို ခွင့်ပြုချက်မရမီ ကျင်းပခဲ့သဖြင့် Eravati sule Yangon ဟိုတယ်ကို ခြောက်လယာယီပိတ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က ပြောကြားသည်။
" ခြောက်လ လောလောဆယ်ပိတ်ခိုင်းတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ လောလောဆယ်အထိပေါ့။ ဘာကြောင့်လဲဆိုတော့ ခွင့်ပြုချက်မရှိဘဲနဲ့ ပွဲအခမ်းအနား လုပ်လို့ပါခင်ဗျာ့။ ဟိုတယ်တွေအနေနဲ့ကတော့ တကယ်ဆိုလို့ရှိရင် ပွဲအခမ်းအနားလုပ်လို့ရှိရင် သက်ဆိုင်ရာ ဌာနဆိုင်ရာရဲ့ ခွင့်ပြုချက်ကို အရင်တောင်းခံရတာပေါ့။ တောင်းခံပြီးတော့မှ ခွင့်ပြုချက်ရှိပြီဆိုမှ သူတို့ကလည်း ပွဲလက်ခံကျင်းပလို့ရတာလေ။ ဒါပေမဲ့ တင်ပြဆဲဖြစ်နေတဲ့ Pending Process မှာပဲရှိနေသေးတဲ့ ဒီအခမ်းအနားကို သူတို့က လက်ခံကျင်းပတဲ့ဟာဖြစ်တဲ့အတွက် အဲဒီဟိုတယ်ကို ခြောက်လပိတ်ဖို့ဆိုပြီး ညွှန်ကြားချက်ရှိတယ်လို့ သိရပါတယ်ခင်ဗျာ့" ဟု ဦးကျော်မင်းထက်က ပြောကြားသည်။
အဆိုပါဟိုတယ်တွင် တည်းခိုရန် စုံစမ်းခဲ့သူတစ်ဦးကလည်း လတ်တလောတွင် ဟိုတယ်ကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် ဧည့်သည်လက်မခံသေးကြောင်း ပြောကြားသည်။
" ဟိုတယ်မှာ အကြီးစားပြင်ဆင်နေလို့ လောလော ဆယ်တော့ Booking လက်မခံသေးဘူးလို့ သိရတယ်။ ပြန်လက်ခံမယ့်ရက်ကို ကြေညာပေးမယ်တဲ့" ဟု အဆိုပါဟိုတယ်တွင် တည်းခိုရန် စုံစမ်းခဲ့သူတစ်ဦးက ပြောကြားသည်။
The Eravati Sule Grand Yangon ဟိုတယ်မှာ ၁၈၆၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အကောက်ခွန်ရုံးကိုညပြန်လည်ပြင်ဆင်ကာ ၂၀၂၂ ခုနှစ်တွင် The Eravati Sule Grand Yangon အမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ဝေဖန်မှုများ မြင့်တက်ခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲကို အဆိုပါဟိုတယ်တွင် မေ ၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်မှာ မယ်သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ လူအများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ယင်းနောက် Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံ ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ် အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆ ရက်တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း ဖော်ပြထားသည်။
Miss Grand Myanmar ပြိုင်ပွဲမှာလည်း လတ်တလော အခြေအနေများကြောင့် ကျန်ရှိနေသည့်ပြိုင်ပွဲအချို့ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု Miss Grand Myanmar ကသတင်းထုတ်ပြန်ထားသည်။
■















