ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီး
Published 7 May 2026

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း၌ မေ ၆ ရက် ညနေပိုင်းတွင် မိုင်းပန်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၃၇၀၀ ခန့်အကွာ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်မှုများကြောင့် မေ ၇ ရက်ညနေပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက်မီတာ ၁၂၃၀၀ ခန့်အကွာတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသားတစ်ဦးအား ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent