မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ ရပ်တန့်ခဲ့သည့် တက္ကနာဖ်ဆိပ်ကမ်းတွင် လုပ်ငန်းများပြန်လည်စတင်ပြီဖြစ်ကြောင်း BSS News သတင်းတွင် ဖော်ပြခဲ့သည်။
တစ်နှစ်နှင့် ၁၇ ရက်ကြာ ပိတ်ထားခဲ့သည့် ထိုဆိပ်ကမ်းသို့ မေ ၁ ရက်တွင် မြန်မာနိုင်ငံမှ ကျွန်းသစ်များ တင်ဆောင်လာသော စက်လှေတစ်စီး ဆိုက်ကပ်လာခဲ့ပြီး ဆိပ်ကမ်းတွင်လုပ်ငန်းများ ပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။
ဆိပ်ကမ်းလုပ်ငန်းများ ပြန်လည်စတင်နိုင်ခြင်းကြောင့် အလုပ်သမားများနှင့် ကုန်သည်များက စိတ်သက်သာရာရကြောင်း ပြောဆိုကြသော်လည်း ကုန်သွယ်မှုကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ အကူအညီများ တောင်းဆိုထားကြသည်။
ယခုကဲ့သို့ လုပ်ငန်းများ ပြန်လည်စတင်ခြင်းသည် ဆိပ်ကမ်းတစ်ခုလုံး၏ လုပ်ငန်းဆောင်တာများကို ပိုမိုမြန်ဆန်လာစေမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက သုံးသပ်ဖော်ပြခဲ့ကြသည်။
အဆိုပါ စက်လှေသည် လက်ရှိတွင် ဆိပ်ကမ်း၌ ကျောက်ချရပ်နားထားကြောင်း ဆိပ်ကမ်း၏ အကောက်ခွန် အရာရှိတစ်ဦးဖြစ်သည့် မာမူဒါရာမန်က ပြောကြားခဲ့သည်။
ကုန်ပစ္စည်းများကို ချယူပြီးနောက် စစ်ဆေးခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အခွန်များ ကောက်ခံပြီးစီးပါက ကုန်စည်များကို ထုတ်ပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါကုန်သွယ်မှုကို ဘဂ်လားဒေ့ရှ်အနေဖြင့် မြန်မာအစိုးရနှင့်လုပ်ဆောင်ခြင်း သို့မဟုတ် AA အဖွဲ့နှင့်ဆက်သွယ်လုပ်ဆောင်ခြင်းကို ဘဂ်လားဒေ့ရှ်ဘက်မှလာသော သတင်းများတွင် ကွဲကွဲပြားပြား မဖော်ပြထားပေ။
Exile Media တစ်ခုဖြစ်သည့် Border News Agency က အဆိုပါကုန်သွယ်ရေး သတင်းနှင့်ပတ်သက်၍ဖော်ပြရာတွင် ယခုကုန်သွယ်ရေးသည် AA အဖွဲ့ထိန်းချုပ်ထားသည့် မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်ဆိပ်ကမ်းသို့ တိုက်ရိုက်ကုန်သွယ်နေခြင်းဖြစ်ကြောင်း တက္ကနာဖ်ရှိ ကုန်သည်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
ထို့ပြင် ယခုကဲ့သို့ ကုန်သွယ်မှုမစတင်မီ ဘဂ်လားဒေ့ရှ်နှင့် AA ထိန်းချုပ်ဒေသအကြား နားလည်မှုများဖြင့် ကျွဲ၊ နွား၊သစ်များကို မောင်တောနယ်စပ်မှ တင်ပို့နေခြင်းဖြစ်ကြောင်း Border News Agency က ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြုံပေးပုဂ္ဂိုလ် အမ်ဒီသူဟစ် ဟော့စိန်က ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နှင့်ထိစပ်နေရာ မြန်မာနိုင်ငံနယ်စပ်ဒေသများကို ထိန်းချုပ်ထားသည့် AA နှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုများသည် လိုအပ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၏ အခြေအနေများ ပြောင်းလဲသွားသည့်အရှိတရားကို မျက်ကွယ်ပြုထား၍မရကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကျိုးစီးပွားအတွက် သင့်တော်မည့် ထိတွေ့ ဆက်သွယ်မှု နည်းလမ်းများကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းများအရ အစိုးရမဟုတ်သည့် အင်အားစုများနှင့် တရားဝင် ဆက်သွယ်၍ မရသည့်တိုင် လုံးဝအဆက် ဖြတ်ထား၍လည်း မရတော့ကြောင်း၊ ထို့ကြောင့် လိုအပ်သော ထိတွေ့ ဆက်ဆံမှုကို ဖြစ်သင့်သည့် အဆင့်မျိုး၌ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားမှုများရှိခဲ့သည်။
အဆိုပါကာလများအတွင်းက မြန်မာအစိုးရဘက်မှလည်း ဘဂ်လားဒေ့ရှ်အစိုးရ၏ AA အဖွဲ့အပေါ်သဘောထားနှင့် ထိတွေ့ဆက်ဆံမှုများကြောင့် သံတမန်ရေးရာ ကန့်ကွက်မှုများ ရှိခဲ့သည်။
မြန်မာအစိုးရ၏ ကန့်ကွက်မှုများရှိလာပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြုံပေးပုဂ္ဂိုလ် အမ်ဒီသူဟစ် ဟော့စိန်က AA နှင့်ပတ်သက်၍ ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ နယ်မြေတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားသည့် AA အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ကြား မည်သည့်တရားဝင်ဆက်သွယ်မှုမျှ မရှိကြောင်း ပြောကြားခဲ့သည်။
"အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ဟာ AA နဲ့ တရားဝင်ဆက်သွယ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးတွေကို ဖြတ်တောက်ခြင်းမရှိပါဘူး"ဟု ဟော့စိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သတင်းထောက်များကို ထိုစဉ်ကပြောကြားခဲ့သည်။
မြန်မာအစိုးရသည် နိုင်ငံတကာအသိအမှတ်ပြု တရားဝင်အာဏာပိုင်အဖွဲ့ဖြစ်ကြောင်း၊ AA အဖွဲ့ကို တရားဝင်မှုရှိသည့် အဖွဲ့အစည်းအဖြစ် အသိအမှတ်မပြုကြောင်း ထိုစဉ်က ၎င်းကဆိုသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံအချင်းချင်း သံတမန်ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟော့စိန်က ထိုစဉ်ကပြောကြားခဲ့သည်။
ဘဂ်လားဒေ့ရှ်အစိုးရအနေဖြင့် AA အဖွဲ့နှင့် သံတမန်ရေးရာတွေ့ဆုံဆွေးနွေးမှုရှိ မရှိ တိကျစွာမသိရသော်လည်း နယ်စပ်ကိစ္စများနှင့်ပတ်သက်၍ ဘဂ်လားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)နှင့် AA အဖွဲ့ကြားတွေ့ဆုံ ဆွေးနွေးမှုများရှိခဲ့သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဘဂ်လားဒေ့ရှ်နိုင်ငံတွင်အစိုးရအဖွဲ့သစ်တက်လာပြီးနောက် ၎င်းအစိုးရအဖွဲ့ထံ မြန်မာအစိုးရအဖွဲ့က ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး AA အဖွဲ့ကလည်း ဘဂ်လားဒေ့ရှ်အစိုးရထံ သဝဏ်လွှာပေးပို့ခဲ့ကာ လက်ရှိတွင် ဘဂ်လားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် သံတမန်ရေးရာ သဘောထားမည်သို့ထားရှိသည်ကို ကွဲကွဲပြားပြားမသိရပေ။
Ref: BSS News















