အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံက မေ ၁၅ ရက်တွင် တောင်းဆိုလိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်၊ အစ္စရေးတို့နှင့် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်သည် စွမ်းအင်ထောက်ပံ့မှုများအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများဖြတ်သန်း သွားလာမှုကို ပိတ်ဆို့ထားခဲ့ပြီး အမေရိကန်ကလည်း အီရန်၏ ဆိပ်ကမ်းများကို ပိတ်ဆို့ထားခဲ့သည်။
အီရန်က ထိုရေလမ်းကြောင်းအပေါ် ထိန်းချုပ်ထားနိုင်မှုသည် ကမ္ဘာ့စွမ်းအင်စျေးကွက်များကို လှုပ်ခတ်စေခဲ့ပြီး အီရန်အတွက် ကြီးမားစွာ အသာစီးရစေခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်းမြို့တော်တွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအတွင်း အီရန်အရေးကို ထည့်သွင်းဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီရန်ကို စစ်ရေးအရ ကူညီရန် ပြင်ဆင်နေခြင်းမရှိကြောင်း ရှီက အမှန်တကယ် အာမခံခဲ့သည်ဟု ထိပ်သီးအစည်းအဝေး ပထမနေ့ ပြီးဆုံးပြီးနောက် Fox News နှင့် ပြုလုပ်ခဲ့သော အင်တာဗျူး တစ်ခုတွင် ထရန့်က ပြောကြားခဲ့သည်။
“သူက စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းတွေ ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒါကို သူ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။ သူကလည်း ဟော်မုဇ်ရေလက်ကြားကို ပြန်ပွင့်စေချင်ပြီး သူ့ဘက်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကူညီပေးနိုင်တာမျိုးရှိရင် ကူညီပေးချင်ပါတယ်လို့ ပြောခဲ့ပါတယ်” ဟု ထရန့်က Fox News ကိုပြောကြားခဲ့သည်။
သမ္မတနှစ်ဦးကြား ယင်းအကြောင်းအရာကို ဆွေးနွေးခဲ့ကြခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၅ ရက်တွင် ပြန်လည်ဖြေကြားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ရရှိစေရန်အတွက် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ သင်္ဘောလမ်းကြောင်းတွေကို အမြန်ဆုံး ပြန်လည်ဖွင့် လှစ်သင့်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ မဖြစ်ပွားသင့်ခဲ့တဲ့ ဒီပဋိပက္ခကို ဆက်လက်ဆွဲ ဆန့်နေဖို့ အကြောင်းမရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းသောကာလများတွင် ဟော်မုဇ်ရေလက်ကြားသည် အခြားသောအဓိကကုန်စည်များနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ရေလမ်းကြောင်းဖြစ်သည်။
ထရန့်သည် မေ ၁၃ ရက် ညပိုင်းက တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်နှင့် ကာကွယ်ရေးဝန်ကြီး ပိဟတ်ဂ်ဆက်တို့အပြင် ကမ္ဘာ့ထိပ်သီးကုမ္ပဏီအချို့မှ စီအီးအိုများ လိုက်ပါလာခဲ့သည်။















