အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်၏တန်ပြန်ကမ်းချက်များကို ပယ်ချခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းအပစ်အခတ် ရပ်စဲရေးသည် အသက်ရှူစက်တပ်ထားရသည့် အနေအထားဖြစ်နေပြီဟု မေ ၁၁ ရက်တွင် သတိပေးပြောကြားခဲ့သည်။
အီရန်ကလည်း မိမိ၏စစ်တပ်သည် ကျူးကျော်မှု လုပ်ရပ်မှန်သမျှကို တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
ထရန့်၏နောက်ဆုံးကမ်းလှမ်းသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို အီရန်ဘက်က တုံ့ပြန်ခဲ့သည့်အချက်များအား အမေရိကန် သမ္မတ၏ငြင်းပယ်မှုက နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်လာမည့်အလားအလာကို မြင့်တက်စေခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ရေနံသယ်ဆောင်မှုများအတွက် ထပ်မံအလျဉ်ပြတ်မည့် ပုံရှိလာသည်။
အီရန်၏ကမ်းလှမ်းချက်သည် လုံးဝလက်ခံနိုင်စရာမရှိဟု ထရန့်က ပြောကြားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် အီရန်ကို အပြည့်အဝအနိုင်ရသည်ကို မြင်လိုကြောင်းပြောခဲ့ပြီး တစ်လကျော်ရှိလာပြီဖြစ်သော အပစ်အခတ်ရပ်စဲရေးသည် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပြီဟု ဆိုခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးဟာ အသက်ရှူစက်အကြီးကြီးတပ်ထားရတာပါ။ အဲဒီမှာ ဆရာဝန်က ဝင်လာပြီး၊ ခင်ဗျားချစ်ရတဲ့သူဟာ အသက်ရှင်ခွင့် တစ်ရာခိုင်နှုန်းလောက်ပဲရှိတော့တာလို့ ပြောတာမျိုးဖြစ်နေပါပြီ” ဟု ထရန့်က မေ ၁၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်နှင့် ယခင်ဆွေးနွေးပွဲများတွင် အဓိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သူ အီရန်လွှတ်တော် ဥက္ကဋ္ဌ ဘာဂါဂါလီဘာက ထရန့်၏ပြောစကားထွက်လာပြီး မကြာမီ “ကျွန်တော့်တိုင်းပြည်ကတော့ နောက်ဆုံးဖြစ်လာနိုင်တဲ့အခြေအနေ အားလုံးအတွက် ပြင်ဆင်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျူးကျော်မှုမှန်သမျှအတွက်ကျွန် တော်တို့ရဲ့စစ်တပ်က တုံ့ပြန်ဖို့ အသင့်ပါပဲ။ ပညာပေးဖို့အဆင်သင့်ရှိနေပါတယ်” ဟု ဂါလီ ဘာက X တွင် ရေးခဲ့သည်။
“မကောင်းတဲ့ မဟာဗျူဟာ၊ မကောင်းတဲ့ ဆုံးဖြတ်ချက်တွေဟာ မကောင်းတဲ့ရလဒ်တွေထံ အမြဲတမ်း ဦးတည်စေပါတယ်။ ကမ္ဘာက အဲဒီအချက်ကို နားလည်ထားပြီးသားပါ” ဟု သူက ဖော်ပြခဲ့သည်။
အဆိုပါအနေအထားတို့က ကမ္ဘာ့စွမ်း အင်စျေးကွက်ကို မတည်မငြိမ်ဖြစ်စေခဲ့သည်။
“ပထမသုံးလပတ်မှာ စတင်ခဲ့တဲ့ စွမ်းအင်ရရှိရေး ရှော့ခ်က ကမ္ဘာကြုံတွေ့ခဲ့သမျှ ရှော့ခ်တွေထဲမှာ အကြီးမားဆုံးပါပဲ” ဟု ဆော်ဒီရေနံကုမ္ပဏီ Aramco ၏အမှုဆောင်ချုပ်လည်းဖြစ် ဥက္ကဋ္ဌလည်းဖြစ်သော အာမင်နက်ဆာက ရင်းနှှီးမြှပ်နှံသူများကို ပြောကြားခဲ့သည်။
“ဟော်မုဇ်ရေလက်ကြားကို ဒီနေ့ဖွင့်မယ်ဆိုရင် စျေးကွက်ဟန်ချက်ပြန်ညီဖို့ လနဲ့ချီ ကြာပါမယ်။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တာ နောက်ထပ်သီတင်းပတ်အနည်းငယ် လောက်နောက်ကျနေမယ်ဆိုရင် ပုံမှန်အခြေအနေပြန်ရောက်ဖို့ဆိုတာ ၂၀၂၇ ခုနှစ်အထိ ရောက်သွားပါလိမ့်မယ်” ဟု သူက ပြောကြားခဲ့သည်။
ကမ္ဘာသည် ရေနံစွမ်းအင်အပြင် ဓာတ်မြေသြဇာပြတ်လပ်မှုကိုလည်း ရင်ဆိုင်နေရသည်။ ဓာတ်မြေသြဇာအများစုက ပင်လယ်ကွေ့ဆိပ်ကမ်းများမှ လာခြင်းဖြစ်သည်။ ထို့ကြောင့် လူသန်းပေါင်းများစွာအတွက် အစားအစာ လိုအပ်ချက် ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။
အင်အားကြီးမားသောလူသားချင်းစာ နာမှုအကျပ်အတည်းဖြစ်လာမည့်အနေအထားကို ရှောင်လွှဲရန် သီတင်းပတ်နည်းနည်းသာလိုတော့သည်ဟု စီမံကိန်းလုပ်ငန်းများအတွက်ကုလသမဂ္ဂရုံး (UNOPS) ၏ ဒါရိုက်တာက ပြောသည်။















