ကလေး-တမူးလမ်းကြောင်းပေါ်ရှိ သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ခံစစ်စခန်းတစ်ခုနှင့် ၎င်းတို့ယာယီစိုးမိုးထားသည့် ကနန်ကျေးရွာကို တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိကြောင်း သိရသည်။
ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန် ၇ ရက်မှစတင်၍ စစ်ကြောင်းများခွဲပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများကို အဆင့်ဆင့်ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန် ၂၀ ရက်တွင် ခါမ်းပါတ်မြို့အားလည်းကောင်း၊ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတဝိုက်အားလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ တမူး-ကလေး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ဇွန် ၂၉ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာ၏ မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် မင်္သကာဖွယ်အဆောက်အအုံများတွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ သောင်းကျန်းသူများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ အခြေပြုနေထိုင်သည့်စခန်းအား သိမ်းပိုက်ရရှိခဲ့ကာ သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ နေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ သောင်းကျန်းသူများနေထိုင်သည့် သွပ်မိုးပျဉ်ကာလူနေအိမ် တစ်လုံး၊ ၁၀ ဦး ခန့်နေထိုင်သည့် သက္ကယ်မိုးထရံကာယာယီတဲလေးလုံး၊ စားချက်ဆောင်များ၊ အချုပ်ခန်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် တပ်မတော်စစ်ကြောင်းများသည် အဆိုပါကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့(ဇွန် ၃၀ ရက်) တွင် သောင်းကျန်းသူများ စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်သည့် ကနန်ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်စဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက် သောင်းကျန်းသူများထောင်ထားသည့် မိုင်းများအား ရှင်းလင်းပေးခြင်း၊ သောင်းကျန်းသူများကြောင့် ယိုယွင်းပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်မွမ်းမံပြုပြင်ပေးခြင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးခြင်းစသည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကလေး-တမူးဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















