အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်နေပြီး ဇူလိုင်လတွင် ပြီးစီးနိုင်ရေး လျာထား

အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်နေပြီး ဇူလိုင်လတွင် ပြီးစီးနိုင်ရေး လျာထား
Published 27 April 2026

အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်နေပြီး ဇူလိုင်လတွင် ပြီးစီးနိုင်ရေး လျာထားကြောင်း သိရသည်။

ဧပြီ ၂၆ ရက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ရန်ကုန် - မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် ၃၆၆/၃ မှ ၃၆၁/၃ အကြားရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ကွန်ကရစ်လမ်းများ ပြန်လည်ပြုပြင်ပြီးစီး၍ ကတ္တရာကွန်ကရစ်(AC)ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေ မှုအခြေအနေ၊ လမ်းဝဲ/ယာမြေ သားအမာခံရရှိရေး ဆောင်ရွက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ်(၃၆၀/၀)ရှိ မြစ်ဆွတ်ချောင်း တံတားသို့ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာကလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးစေရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည် ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး - ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းတွင် အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တံတားတည်ရှိသည့် နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုကြောင့် အစိုင်အခဲမှ ရွှံ့ညွန်ကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်းဖြစ်စဉ် (lique- faction) ဖြစ်နိုင်ခြေများသော မြေအမျိုးအစားဖြစ်သောကြောင့် လိုအပ်သည့် တွက်ချက်မှုများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တံတားပြီးစီးသည်နှင့် တစ်ပြိုင်တည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဟန်ချက်ညီစွာပြီးစီးစေရေး လမ်းပိုင်းအလိုက် တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မှာကြားကာ လုပ်ငန်းခွင်အတွင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) မိုင်တိုင်အမှတ်(၃၅၅/၀)ရှိ ယုဇနတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အသေးစိတ်ဆွေးနွေးမေးမြန်းကာ လုပ်ငန်းခွင်အတွင်း လိုက်လံစစ်ဆေးခဲ့သည်။

ယခုတည်ဆောက်နေသော ယုဇနတံတားသည် အရှည်ပေ ၂၂၀ ရှိပြီး အကျယ် ၂၇ ပေရှိသော နှစ်လမ်းသွားတံတားဖြစ်၍ ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent