မြန်မာ-ထိုင်းနယ်စပ် မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ် ရင်ကွဲတောင်ကုန်းဆင်းတွင် (မြဝတီဘက်ခြမ်း)ဇွန်လ၂ရက်နေ့ ည ၄း၀၀နာရီခန့်က ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်ပြီးယာဉ်မောင်းသေဆုံး ခဲ့ကြောင်းသိရသည်။
ဒေါနတောင်ကျော်လမ်း ရင်ကွဲတောင်ကုန်းဆင်း ချောက်ထဲသို့ ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက် ကာလူပိနေကြောင်းသတင်းအရ မြဝတီမြို့ရှိ Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့ နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးလှထွန်းတို့အဖွဲ့က ချက်ချင်းသွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။
ကူညီ ကယ်ဆယ်ရေး အသင်းသားများက ကားအောက်တွင်ပိမိနေသူအား အသက်ကယ်တင်နိုင်ရန် အတွက် မြေကြီးကိုတူးပြီးသယ်ထုတ်ခဲ့သော်လည်း ကား၏weight ဖိအား အလေးချိန်ကြောင့် နေရာတွင်ပင်သေဆုံးလျှက်သာ ကယ်ထုတ်နိုင်ခဲ့သည်ဟု Z-Rescue အရေးပေါ်ကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"ကားweight ကြီးနဲ့ပိနေတော့ မြေတူးပြီးကယ်ထုတ်ခဲ့ပေမဲ့ အသက်ရှင်လျှက်မကယ်ထုတ်နိုင်တဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။ ကားပေါ်ကခုန်အဆင်း သစ်ပင်နဲ့ထိပြီး ပြန်အကျမှာ ကားနဲ့ တခါတည်းပိသွားတာဖြစ်နိုင်ပါတယ်၊ယာဉ်နောက်လိုက်ကတော့ ဘာမှမဖြစ်ပါဘူး""ဟု အခင်းဖြစ်ရပ်တွင်ရောက်ရှိနေသူ ကယ်ဆယ်ရေးအဖွဲ့ သားတစ်ဦးကပြောသည်။
သေဆုံးသူမှာ ယာဉ်မောင်း ကျော်ဝဏ္ဏ ဆိုသူဖြစ်ပြီး ည၆နာရီခွဲအချိန်တွင် အရေးပေါ်ကယ်ဆယ်ရေးအသင်းကားဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်သည် နှစ်နှစ်ကျော်ကြာပိတ်ထားရာမှ ၂၀၂၆ခုနှစ် ဧပြီလ၂ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့်လမ်းဖြစ်၍ လမ်းမြေသားအချို့နေရာများတွင်ပုံမှန်မဟုတ်သည့်အတွက် အသွား အလာ ယာဉ်များအထူးသတိထားမောင်းနှင်ကြရန်လိုအပ်ကြောင်း မြဝတီနယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောကြားသည်။
PHOTO..Z-Rescue















