ဇွန်လ ပထမ(၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇွန်လ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် ဇွန် ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။
မိုးရွာသွန်းမှုအခြေအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မိုးရွာရက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့် နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။















