သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ရန်ကုန်တိုင်းတွင် ၈၇၆ ဒသမ ၁၆ ဧက၊ တနင်္သာရီတိုင်းတွင် ၂၃၇၇ ဒသမ ၅၃ ဧကနှင့် မကွေးတိုင်းတွင် ၃၃၅ ဧကအား လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်း

သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ရန်ကုန်တိုင်းတွင် ၈၇၆ ဒသမ ၁၆ ဧက၊ တနင်္သာရီတိုင်းတွင် ၂၃၇၇ ဒသမ ၅၃ ဧကနှင့် မကွေးတိုင်းတွင် ၃၃၅ ဧကအား လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်း
Published 2 June 2026

-အကွက်ရိုက်ရောင်းချနေသည့် မြေကွက်များကို ဝယ်ယူရာတွင် လူနေထိုင်ခွင့်ရှိသည့် မြေအမျိုးစားဟုတ် မဟုတ်ကို သက်ဆိုင်ရာမြေစာရင်းဌာနများ စစ်ဆေးပြီးမှ ဝယ်ယူရန်လိုအပ်ဟုဆို

သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ရန်ကုန်တိုင်းဒေသကြီးတွင် ၈၇၆ ဒသမ ၁၆ ဧက၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၇၇ ဒသမ ၅၃ ဧကနှင့် မကွေးတိုင်းဒေသကြီးတွင် ၃၃၅ ဧကအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်တွင် လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်သိမ်းယူရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ခွင့်ပြုခဲ့ပြီး သတ်မှတ်ကာလ(၄)နှစ်အတွင်း ခွင့်ပြုဧရိယာအား လုံးဝဖော်ထုတ်လုပ်ကိုင်မှုမရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာများကို အပြီးပြန်လည်သိမ်းယူခဲ့ပြီး သတ်မှတ်ကာလ(၄)နှစ်အတွင်း ခွင့်ပြုဧရိယာ၌ တစ်စိတ်တစ်ပိုင်း ဖော်ထုတ်ကိုင်သူများကို ဖော်ထုတ်ထုတ်လုပ်ကိုင်သည့်ဧရိယာများကို ချန်လှပ်၍ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၂(က)(၃)၊ နည်းဥပဒေ ၅၇(ခ)တို့နှင့်အညီ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်မှစ၍ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို ရုပ်သိမ်းပြီး ပေးသွင်းထားသော အာမခံကြေးများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ကြောင်း အမိန့်ကြော်ငြာစာများအရ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ သိမ်းယူခံရသည့် ၈၇၆ ဒသမ ၁၆ ဧက မှာ မှော်ဘီမြို့နယ် ဝါးနက်ချောင်း၊ ရင်းတိုက်ပင်၊ လက်ပံတန်းစု၊ အထယု၊ အောက်ဝါးနက်ချောင်း၊ စာဘူးတောင်း၊ ပုတ်သင်ညို၊ ဖူးကြီးကျေးရွာအုပ်စု၊ လှည်းကူးမြို့နယ် ဝါးနက်ကုန်း၊ ရဲမွန်၊ ငါးဆူတောင်၊ ကျေးရွာအုပ်စု၊ တိုက်ကြီးမြို့နယ် ဂေါ့၊ ကင်းပတီး ကျေးရွာအုပ်စု၊ သုံးခွမြို့နယ် မင်းရွာကျေးရွာအုပ်စုတို့၌ တည်ရှိပြီး သီးပင်စားပင်များ၊ နှစ်ရှည်ပင်များ၊ ရာသီသီးနှံများ၊ ကြက်မွေးမြူရေးလုပ်ငန်းများ၊ ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်း ၂၃၇၇ ဒသမ ၅၃ ဧကသည် သရက်ချောင်းမြို့နယ် အောက်သရက်ချောင်း၊ ပဲဒက်၊ ပဒေါက်ကျေးရွာတွင် တည်ရှိပြီး ဆီးအုန်းသီးနှံစိုက်ပျိုးရန်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အလားတူ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းကျေးရွာအုပ်စုတွင်တည်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအဖြစ်အသုံးပြုရန်ခွင့်ပြုဧရိယာ ဧက ရဝဝ အနက် သတ်မှတ်ကာလအတွင်း ဖော်ထုတ်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၃၃၅ ဧကကို  လုပ်ပိုင်အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း လူနေထိုင်နိုင်ရှိသည့် မြေများကို အကွက်ရိုက်ရောင်းချခြင်းများရှိသကဲ့သို့ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေများ၊ ဝန်ကြီးဌာနပိုင်မြေများ၊ လယ်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ကျေးရွာမြေများ၊ လူနေထိုင်ခွင့်ရှိသည့် မြေများဟုပြောဆိုကာ ပေ ၂၀ × ပေ ၆၀၊ ပေ ၄၀ × ၆၀ အကွက်များရိုက်၍ ရောင်းချမှုများရှိနေသဖြင့် အကွက်ရိုက်ရောင်းချနေသည့် မြေကွက်များကို ဝယ်ယူရာတွင် လူနေထိုင်ခွင့်ရှိသည့် မြေအမျိုးစားဟုတ် မဟုတ်ကို သက်ဆိုင်ရာမြေစာရင်းဌာနများ စစ်ဆေးပြီးမှ ဝယ်ယူရန်လိုအပ်ကြောင်း မြေအမျိုးအစားနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက ထောက်ပြပြောဆိုမှုများရှိနေသည်။

မြေလွတ်၊ မြေရိုင်းကတော့ အကွက်ချရောင်းမရဘူး။ နောက်တစ်ခါ နိုင်ငံတော်က အဲဒီလိုနေရာမျိုးတွေမှာ ဥယျဉ်ခြံမြေလို့ သတ်မှတ်ထားတဲ့ မြေမျိုးတွေကတော့ မြေစာရင်းနဲ့ညှိပြီးတော့ မြေစာရင်းကခွင့်ပြုတယ်ဆိုလို့ရှိရင် အကွက်ပြန်ဖော်ပြီးတော့ရောင်းလို့ရတယ်။ တစ်ခြားမြေအမျိုးအစားတွေလည်းရှိသေးတယ်လေ။ ဥပမာစားကျက်မြေတို့၊ လူတွေမသိသေးတဲ့ နိုင်ငံတော်ပိုင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းထဲမှာပါဦးမှာပေါ့။ ရထားလမ်းထဲမှာပါတဲ့ ရထားပိုင်မြေတို့၊ သစ်တောမြေအစရှိသဖြင့် အဲဒီလိုမြေမျိုးတွေဆိုရင် အဲဒါနိုင်ငံတော်ပိုင်မြေဖြစ်တဲ့အတွက် အကွက်ရိုက်ရောင်းရင် ထောင်ကျကုန်လိမ့်မယ်။ မသုံးသင့်ဘူးပေါ့။ လွတ်လွတ်လပ်လပ်အကောင်းဆုံးကတော့ ဥယျဉ်ခြံမြေလို့သတ်မှတ်ပြီးသားမြေမျိုးဆိုရင် မြေစာရင်းရဲ့ခွင့်ပြုချက်နဲ့ပေါ့ ဆောင်ရွက်လို့၊ အကွက်ချရောင်းလို့ရတယ်။ ကျန်တာကတော့ တစ်ချို့နေရာတွေဆိုရင်လည်း စလစ်မြေဆိုရင်လည်း နိုင်ငံတော်က အကွက်ဖော်ပေးသားမြေဆိုတော့ အထွေအထူးပြောစရာမလိုဘူး။ အလွတ်ကင်းဆုံးကတော့ ဥယျဉ်ခြံမြေပဲ ကအကောင်းဆုံးပဲ။ G အမျိုးအစားပေါ့။ Garden Land ပေါ့။ ကျန်တဲ့မြေတွေက အနှောင့်အသွား မလွတ်ဘူးပေါ့ ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်(မောင်ကောင်းဖေ)က ပြောကြားသည်။

ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် နိုင်ငံတော်မှ အထူးစီမံကိန်းဖြင့် အထွက်နှုန်းကောင်းအောင် စိုက်ပျိုးထားသည့် မြေများရှိကြောင်း၊ ထိုသို့မြေအမျိုးအစားကို ကားလမ်းမကြီးများနှင့်နီးသည်ဟုဆိုကာ ဝယ်ယူ၍ အိမ်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်းပြုလုပ်ပါက ပြန်လည်သိမ်းယူခံရနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ရှင်းလင်းပြောကြားသည်။

ထို့ပြင် လယ်မြေတွင် ပထမတန်းစား(R 1)၊ ဒုတိယတန်းစား(R 2) ၊ တတိယတန်းစား(R 3)၊ စတုတ္ထတန်းစား(R 4) အမျိုးအစားရှိပြီး အချို့နေရာများတွင် လယ်စိုက်ပျိုး၍မရတော့သည့်  စတုတ္ထတန်းစား(R 4) မြေအမျိုးအစားကို အကွက်ရိုက်ရောင်းချမှုများရှိကြောင်း၊ သို့သော် စတုတ္ထတန်းစား(R 4)  အမျိုးအစားသည်လည်း မြေစာရင်းဌာနက ခွင့်မပြုပါက အကွက်ရိုက်ရောင်းချခွင့်မရှိကြောင်း၊ အချိန်မရွေး နိုင်ငံတော်က ပြန်လည်သိမ်းယူနိုင်ကြောင်း သိရသည်။

ကိုယ်ဝယ်ချင်တဲ့မြေက ဘာမြေအမျိုးအစားလည်းဆိုတာက၊ လယ်မြေဆိုရင် လယ်မြေပြေစာလည်းထွက်တယ်။ ဥယျာဉ်ခြံမြေဆိုရင် G မြေပြေစာလည်းထွက်တယ်။ နောက်တစ်ခါ R 1 ၊ R2၊ R 3၊ R 4 ပေါ့။ အဲဒီမှာ R 4 စတုတ္ထတန်းစားဆိုတာက ကုန်းကျသွားပြီး စိုက်လို့ပျိုးလို့မရတော့ဘူးဆိုပြီး အဲဒါတွေကို ဝယ်ပြီး အကွက်ရိုက်ရောင်းတာတွေရှိတယ်။ အဓိကကတော့ ကိုယ်ဝယ်မယ့်မြေဟာ ဝယ်သင့်သလား။ မဝယ်သင့်ဘူးလား။ မြေအမည်ပေါက်မှန်လား မမှန်ဘူးလားဆိုတာ ကြေးတိုင်နှင့် မြေစာရင်းရုံးမှာ မြေပုံရှိတယ်။ Town Plan မြေပုံပေါ့။ အဲဒီမှာဝယ်သင့် မသင့်ဆုံးဖြတ်ပေးတာပေါ့။ အိမ်ဆောက်လုပ်ခွင့်ရ မရ မြေစာရင်းရုံးကအသိဆုံးပဲ။ အဲဒီမှာသွားရောက်စစ်ဆေးပြီးတော့မှ ဝယ်ယူဖို့အကြံပြုလို့ပါတယ် ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောကြားသည်။

ထို့အတူ ရွာမြေဟုရောင်းချနေမှုများတွင်လည်း ဥယျာဉ်ခြံမြေအဖြစ် စာရွက်စာတမ်းရှိသူအချို့သော်လည်း အများစုမှာ မည်သည့်အထောက်အထားများမရှိကြောင်း၊ မြေစာရင်းတွင် စစ်ဆေးသည့်အခါ နှစ်ကာလများစွာနေလာသည့် ရွာဟောင်းနေရာဖြစ်သဖြင့် ဥယျာဉ်မြေအဖြစ်သတ်မှတ်ကာ လူနေထိုင်ခွင့်၊ ရောင်းချခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကျေးရွာနှင့်ဆက်စပ်နေသည့် လယ်မြေများကို ရွာမြေဟုဆိုကာ ရောင်းချမှုများကို နေထိုင်ရန် ဝယ်ယူသူများအနေဖြင့် သတိထားသင့်ပြီး ဆုံးရှုံးနစ်နာနိုင်ကြောင်းနှင့် လယ်မြေများကို ဖျက်သိမ်းပြီး အခြားနည်းသုံးစွဲခွင့်ကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စိစစ်ခွင့်ပြုခြင်းဖြစ်ကာ လယ်မြေကိုအခြားနည်းသုံးစွဲခွင့်ရရှိရန်မှာ ခက်ခဲကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရက် ၁ဝဝ စီမံချက်ဖြင့် လက်ရှိလူ​နေထိုင်​နေသည့် ​ကျေးရွာများတွင် ကျေးရွာမြေငှားဂရန်များ ချထားပေးရန် ဆောင်ရွက်နေပြီး ယင်းသို့ကျေးရွာမြေငှားဂရန် ချထားပေးရာတွင် ကျေးရွာမြေဂရန် လျှောက်ထားရန်အတွက် ကျေးရွာ​နေပြည်သူများအနေဖြင့် အုပ်လိုက်လျှောက်ထားရမည်ဖြစ်ပြီး အနိမ့်ဆုံး သတ်မှတ်ထားသည့် အကျယ်အဝန်းသည် ဧရိယာအကျယ် ၂၀×၆၀ ပေ၊ ဧကအားဖြင့် ၀.၀၂၇၅ ဧကထက် မလျော့နည်းရန် လိုအပ်ကြောင်း၊  ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊ နိုင်ငံသားစိစစ်ရေးကတ်ရှိသူ လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း(ပုံစံ ၆၆/ ၆)ရှိသူ၊ အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း ၁၂ နှစ်နေထိုင်မှုရှိသူ ဖြစ်ရန် လိုအပ်ကြောင်း၊ ကျေးရွာမြေဂရန်လျှောက်လွှာတွင်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ(၁၀၅/၁၀၆)၊ အဆောက်အအုံ ဘေးမြင်/ ရှေ့မြင် ဓာတ်ပုံ(၂)ပုံ၊ လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက် ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent