အသက်(၇၈)နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့်နယ်သာလန်နည်းပြ အက်ဒ်ဗိုကတ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ ကူရာဆောအသင်းကို ပြန်လည်ကိုင်တွယ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။
ကလပ်အသင်းပေါင်းများစွာနဲ့အတူ နယ်သာလန်လက်ရွေးစင်အသင်းကိုလည်း အကြိမ်ကြိမ်ကိုင်တွယ်ခဲ့ဖူးတဲ့ အက်ဒ်ဗိုကတ်ဟာ ကွန်ကာကပ်ဖ်ဒေသက ကူရာဆောလက်ရွေးစင်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သူပါ။
အက်ဒ်ဗိုကတ်က ကူရာဆောအသင်းကို ၂၀၂၄ ဇန်နဝါရီမှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၅ နိုဝင်ဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကူရာဆောက ၁၇၁ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ကာရေဘီယန်ကျွန်းနိုင်ငံငယ်လေးဖြစ်တာကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အက်ဒ်ဗိုကတ်က ၂၀၂၆ ဖေဖော်ဝါရီလမှာ သမီးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ကူရာဆောနည်းပြရာထူူးက နုတ်ထွက်ခဲ့ပေမဲ့ ကစားသမားတွေရဲ့တောင်းဆိုမှုနဲ့ စပွန်ဆာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ တစ်လအလိုမှာ ကူရာဆောအသင်းကို ပြန်လည်ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် အက်ဒ်ဗိုကတ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အသက်(၇၁)နှစ်နဲ့ အသက်အကြီးဆုံးနည်းပြအဖြစ် စံချိန်တင်ထားတဲ့ ဂရိနည်းပြ အော်တိုရီဟာဂျယ်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်တော့မှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကူရာဆောအသင်းဟာ ဂျာမနီ၊ အိုင်ဗရီကို့စ်၊ အီကွေဒေါတို့နဲ့အတူ အုပ်စု(E)မှာ ကျရောက်နေပြီး ဇွန်(၁၄)မှာ ဂျာမနီနဲ့ အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။















