ယခုနှစ်တွင် အားကောင်းသည့် အယ်နီညိုဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလ အသိပေး

ယခုနှစ်တွင် အားကောင်းသည့် အယ်နီညိုဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလ အသိပေး
Published 21 May 2026

ယခုနှစ်တွင် အားကောင်းသည့် အယ်နီညိုဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အသိပေးသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေများကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာမိုးလေဝသဌာနများ၏ သချင်္ာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်သည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းကြောင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် လိုအပ်ပြီး အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား  အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့မည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

အယ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာတွင် အပူချိန် ပုံမှန်ထက် မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရာသီဥတုကို ကမောက်ကမ ဖြစ်စေသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် အရှေ့ဘက်မှ အနောက်ဘက်သို့ တိုက်ခတ်သော လေပြင်းများကြောင့် သမုဒ္ဒရာမျက်နှာပြင်မှ ရေနွေးများသည် အာရှတိုက်ဘက်သို့ ရောက်ရှိပြီး၊ အမေရိကတိုက်ဘက်တွင် ရေအေးများ အောက်ခြေမှ တက်လာကြောင်း၊ အဆိုပါ အရှေ့လေများ အားပျော့သွားသည့်အတွက် ရေနွေးများသည် အနောက်ဘက်သို့ မရွေ့လျားတော့ဘဲ အမေရိကတိုက်ဘက်သို့ ပြန်လည်စီးဆင်းသွားကြောင်း၊ ယင်းကြောင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက် သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အယ်နီညိုဖြစ်စဉ်သည်များသောအားဖြင့် နှစ်နှစ်မှ ခုနစ်နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားတတ်ပြီး ကိုးလမှ တစ်နှစ်ကျော်အထိ ကြာမြင့်တတ်ကြောင်း သိရသည်။

Most Read

Most Recent