လာမည့်ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန် - မော်လမြိုင် DEMU ရထားပြေးဆွဲနိုင်ရန် လျာထား

လာမည့်ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန် - မော်လမြိုင် DEMU ရထားပြေးဆွဲနိုင်ရန် လျာထား
Published 1 June 2026

လာမည့်ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန် - မော်လမြိုင် DEMU (Diesel – Electric Multiple Unit) ရထားပြေးဆွဲနိုင်ရန် လျာထားကြောင်း မြန်မာ့မီးရထားတိုင်းအမှတ် (၈) မော်လမြိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

“လာမယ့် ဇွန်လစတုတ္ထအပတ် သို့မဟုတ် ဇူလိုင် ပထမအပတ်ထဲမှာ DEMU ရထား စတင်ပြေးဆွဲဖို့လျာထားပါတယ်။ အဲ့ဒီအတွက်ကိုလည်း ပဲခူး - မော်လမြိုင်ရထားလမ်းပိုင်းကို ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အခုဆိုရင် ရထားလမ်းတွေကို ကျောက်ဖြည့်နေတာ သထုံကနေ မော်လမြိုင်ဘက်ကို ၃၃ မိုင်လောက်ပဲ ကျန်ရှိပါတော့တယ်။ နောက်ပြီး DEMU ရထားရဲ့ ကိုယ်ထည်နဲ့ မလွတ်မှာစိုးလို့ ရထားဘူတာရုံ အမိုးတွေပြန်တိုင်တာနေတာမျိုး နဲ့တံတားတွေရဲ့ အပေါ်တန်းနဲ့ အကျယ်အဝန်းတွေကို ပြန်လည်တိုင်းတာနေတာမျိုးတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ အဲ့ဒီလုပ်ငန်းတွေ ပြီးသွားရင်တော့ DEMU ရထားပြေးဆွဲနိုင်ဖို့ကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “DEMU ရထားမောင်းနှင်ချိန်နဲ့ ပတ်သက်လို့ ကျနော်တို့ ရည်မှန်းထားတာက ရန်ကုန်ကနေ မော်လမြိုင်ကို မနက်ထွက်လာမယ်။ ပြီးရင်မော်လမြိုင်မှာ တစ်နာရီ၊ နှစ်နာရီလောက်နားပြီး ရန်ကုန်ကို ပြန်သွားမယ်။ နေ့ချင်းပြန်ပေါ့လေ။ DEMU ရထားမှာ  အတွဲ (၆) တွဲပါဝင်မှာဖြစ်ပြီးတော့ ခရီးသည် ၂၆၀ ဦးစီးနင်းလိုက်ပါနိုင်မယ်လို့လည်း လျာထားပါတယ်” ဟု ပြောကြားသည်။

DEMU ရထား ပြေးဆွဲနိုင်ပါက မွန်ပြည်နယ်အတွင်း ရပ်နားမည့်ဘူတာများအဖြစ်  သိမ်ဇရပ်ဘူတာ၊ ကျိုက်ထိုဘူတာ၊ သထုံဘူတာ၊ ပေါင်ဘူတာ နှင့် မော်လမြိုင်ဘူတာကြီး စသည်ဖြင့် အကြမ်းမျဉ်းသတ်မှတ်ထားပါကြောင်းလည်း ၎င်းက ဆိုသည်။

DEAU ရထားပြေးဆွဲနိုင်ပါက ၎င်းနှင့်အတူ Online မှ Ticket ရောင်းချသည့် စနစ်လည်းတွဲလျက်အကောင်အထည်ဖေါ်သွားရန်လည်း လျာထားပါကြောင်းနှင့် ထိုအစီအစဉ်အကောင်အထည်ဖေါ်နိုင်ပါက အများပြည်သူ ရထားလက်မှတ်ဝယ်ယူရခက်ခဲနေသည့်အခြေအနေမှ ပြေလည်မှုရှိသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

 “DEMU ရထားလက်မှတ်တွေကို Online ကရောင်းလို့ရှိရင် ဘာပြဿနာဖြစ်လာနိုင်မလဲဆိုရင် အခုရန်ကုန်  - မန္တလေး DEMU ရထားလို ကြားဘူတာလက်မှတ်တွေဝယ်ယူရခက်ခဲနိုင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ရန်ကုန် ကနေ တောင်ငူသွားမယ့်ခရီးသည်ကလည်း ခရီးစဉ်အစအဆုံးလက်မှတ်ဝယ်ကြတော့မယ်။ လက်မှတ်ရဖို့က အဓိကဖြစ်လာတဲ့အတွက်ကြောင့်ပါ။ အဲ့ဒီတော့ ကြားဘူတာတွေက ရပ်မယ်ဆိုတာဘဲရှိပြီး လက်မှတ်ရခက်ခဲသွားနိုင်တယ်။ နောက်တစ်ချက်က ရထားလက်မှတ်ဝယ်ယူကြမယ့်ခရီးသည်တွေက ရထားလက်မှတ်ဝယ်ယူမယ့် Software မသုံးတတ်ဘူးဆိုရင်တော့ အပြင်ကလုပ်ပေးတဲ့သူကို ဝန်ဆောင်ခပေးရတော့မယ်။ အဲ့ဒါမျိုးတွေဖြစ်လာနိုင်တယ်။ ဒါကတော့ ရထားဌာနနဲ့ မပတ်သက်ပါဘူး” ဟု ၎င်းတာဝန်ရှိသူက  ပြောကြားသည်။

လက်ရှိ ရန်ကုန် - မော်လမြိုင် အစုန်အဆန်ပြေးဆွဲနေသည့် ရထားမှာ တစ်နာရီ မိုင် (၄၀) နှုန်းဖြင့်သာ မောင်းနှင်နေကြောင်း သိမ်ဇရပ် - ကျိုက်ထိုရထားလမ်းအပိုင်းရှိ တချို့နေရာများတွင် တစ်နာရီကို (၂၅) မိုင်နှုန်းလောက်သာ မောင်းနှင်နိုင်သည့်လမ်းပိုင်းများလည်းရှိကြောင်း၊ DEMU ရထားမှာ Main လမ်းမပေါ်တွင် တစ်နာရီကို ကီလိုမီတာ (၁၀၀) နှုန်း၊ မိုင်အားဖြင့် မိုင် (၈၀) နှုန်းဖြင့် မောင်းနှင်ကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင် DEMU ရထားပြေးဆွဲမည့် အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များအား ခရီးသွားပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အဆန် ရထားအား ရန်ကုန်ဘူတာကြီးမှ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း၊ မော်လမြိုင် - ရန်ကုန် အမှတ် (၈၂) အစုန် ရထားအား မော်လမြိုင်ဘူတာကြီးမှ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင် လည်းကောင်း နေ့စဉ်ပြေးဆွဲနေကြောင်းနှင့် ပျဉ်းမျှ ရထားစီးခရီးသည် (၁၀၀၀) ဦးဝန်ကျင်ရှိကြောင်း မြန်မာ့မီးရထားတိုင်း (၈) မော်လမြိုင်ထံမှ သိရသည်။

Most Read

Most Recent