ဌာနဆိုင်ရာရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ ကချင်ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပညာရေးကဏ္ဍမြှင့်တင်ရန် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ သွားလာရေးခက်ခဲသောဒေသများသို့ တပ်မတော်မှလေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ကချင်ပြည်နယ် ရွှေကူမြို့သို့ ပို့ဆောင်ပေးမည့် ဌာနဆိုင်ရာရုံးများအတွက် လိုအပ်သည့် ရုံးသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ဆေးနှင့်ဆေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များသည် ဇွန် ၄ ရက်တွင် မန္တလေးမြို့မှ ထွက်ခွာခဲ့ရာ မတ္တရာ-သပိတ်ကျင်း- တကောင်း- ကတ္တူ- ငါးအိုးမှတစ်ဆင့် ဇွန် ၆ ရက်နေ့လယ်ပိုင်းတွင် ရွှေကူမြို့သို့ရောက်ရှိခဲ့သဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်မည်ဖြစ်သဖြင့် အဆိုပါ ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများမှတစ်ဆင့် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်လက်တွဲပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးပြီး အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်၍ ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ ခရီးသွား မော်တော်ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ၎င်းတို့၏ သွားလာနေထိုင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















