“အတွဲလိုက် Sound Box များဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆို” မွန်ပြည်နယ်လွှတ်တော်၌ တင်သွင်းထားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ယင်းဆိုနှင့် ပတ်သတ်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအဆိုအား ပြီးခဲ့သည့် ဇွန် (၉) ရက်က ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ၌ ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ ကတင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ထိုအဆိုအား ပြည်နယ်လွှတ်တော်က လက်ခံဆွေးနွေးရန်သင့်ကြောင်း ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် က ထောက်ခံဆွေးနွေးခဲ့သည့်အတွက် လာမည့် ပြည်နယ်လွှတ်တော်အစည်းအဝးကျင်းပပြုလုပ်မည့် နေ့များတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသွားကြမည်ဖြစ်သည်။
လူမှုစည်းကမ်းလိုက်နာမှုအားနည်းကြခြင်း၊ ပြဌာန်းထားသည့် ဥပဒေများကို မျက်ကွယ်ပြုနေကြခြင်းနှင့် လူမှုရေးအရ ခွင့်လွှတ်ပေးကြရသည့်အခြေအနေမျိုးရှိနေကြရကြောင်းနှင့် ဆူညံသံများကြောင့် နားရောဂါအမျိုးမျိုး၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ ကိုယ်အတွင်းနာကျဉ်သည့် ရောဂါများဖြစ်ပွားမှုများလာကြောင်း အဆိုရှင် ဦးတင်ရီက ပြောကြားသည်။
ထို့အတွက်ကြောင့်အများပြည်သူကို နည်းမျိုးစုံဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့၊ အန္တရာယ်ပြုနိုင်တဲ့ မွန်ပြည်နယ်အတွင်းမှာတစ်စတစ်စကျယ်ပြန့်လာတဲ့ အတွဲလိုက် Sound Box များမဆင်မခြေဖွင့်လှစ် နေကြခြင်းအား ဥပဒေအရ ထိရောက်စွာ တားဆီးပိတ်ပင်နိုင်ရေးအဆိုအား တင်သွင်းရခြင်းဖြစ်ကြောင်း ဦးတင်ရီက ဆက်လက်ပြောကြာသည်။
“ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆိုတွေအနက် အမှတ်စဉ် (၁၂) မှာလည်း “အတွဲလိုက်အသံချဲ့စက်နှင့် Sound Box များ ကားပေါ်တင်၍ အသံပိုင်းဆိုင်ရာ စည်းကမ်း မဲ့ကျယ်လောင်စွာ အသံထိန်းချုပ်မှုမရှိ ဖွင့်လှစ်နေမှုများအား ထိရောက်စွာအရေးယူပေးပါရန် အခမ်းအနားအပေါ်မူတည်၍ အသံဖိအားသတ်မှတ်ကာ ထိန်းချုပ်ရေးအဆို” တင်သွင်းခဲ့သေးသည်။ ကိုယ်စားလှယ်များကလည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ လေ့လာသိရှိရပါတယ်” ဟု ဦးတင်ရီက ဆိုသည်။
အဆိုပါ အတွဲလိုက် Sound Box များမှ ဖွင့်လှစ်သည့် အသံနှုန်းအား ထိန်းချုပ်ရန် ကိစ္စနှင့် ပ တ်သက်ပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပရေးမှူးမှတဆင့် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထိုအတွဲလိုက် Sound Box လုပ်ငန်းရှင်အား ပညာပေးရှင်းပြခြင်း၊ သတ်မှတ်ထားသည့် အသံနှုန်းထက်မြင့်သော Sound Box ဖွင့်လှစ်သူများအား အရေးယူနိုင်ရန်အတွက် (၂၀၁၉) ခုနှစ် စက်တင်ဘာအတွင်းက ထိုစဉ်က မွန်ပြည်နယ်အစိုးရအဖွဲ့က တရားဝင် ညွန်ကြားထားခဲ့သည်။
အတွဲလိုက် Sound Box များ၊ အသံချဲ့စက်များ အသုံးပြုပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ (၃) ရက်ကြိုတင်ကာ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် ညွန်ကြားချက်နှင့် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ရပ်ကွက်နှင့် ကျေးရွာ ဥပဒေဖြင့် (၅၀၀၀) ကျပ်ထက်မပိုသော ငွေဒဏ် (သို့မဟုတ်) ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက (၇) ရက်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံစေရန် သက်ဆိုင်ရာတရားရုံးမှ အမိန့်ချမှတ်နိုင်ကြောင်းကို ပြဌာန်းထားကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း အလှူပွဲများ၊ ဘုရားပွဲများ၊ ပွဲလမ်းသဘင်များ၊ သာရေးနာရေးပွဲ၌ အဆိုပါ အတွဲလိုက် Sound Box များတင်ဆောင်ထားသည့် ယာဉ်များဖြင့် ကျယ်လောင်စွာဖွင့်လှစ်ကြလေ့ရှိကြောင်း သိရသည်။
ဘိုဘိုမြင့်















