ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မေလတွင် ထောင်မှစောစီးစွာ လွတ်မြောက်လာမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော သက်ဆင်သည် အဂတိလိုက်စားမှုကြောင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ကာ ထောင်ဒဏ်တစ်နှစ် ကျခံနေရခြင်းဖြစ်သည်။
ဘီလီယံနာသူဌေးကြီးဖြစ်သူ သက်ဆင်ကို မေလ ၁၁ ရက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ပြီး ၎င်း၏ စောင့်ကြည့်ကာလ မကုန်ဆုံးမီအထိ ခြေရာခံစောင့်ကြည့်နိုင်သည့် အီလက်ထရွန်နစ်ခြေပတ် တပ်ဆင်ထားခြင်းအပါအဝင် စည်းကမ်းချက်အားလုံးကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သက်ဆင်၏ အသက်အရွယ်နှင့် ကျန်ရှိသော ထောင်ဒဏ်သက်တမ်းမှာ တစ်နှစ်အောက်သာ ကျန်ရှိတော့သည့် အချက်များကြောင့် ယခုကဲ့သို့ စောစီးစွာ လွှတ်ပေးရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ဖြည့်စွက်ဖော်ပြထားသည်။















