မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် တစ်လငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် သန်းကိုးထောင်းကျော်အား ပေးအပ်ခဲ့ကြောင်း မန္တလေးတိုင်းလွှတ်တော်တွင် လူမှုရေး၀န်ကြီးဌာန၊ ၀န်ကြီး၏ ဖြေကြားချက်အရသိရသည်။
တတိယအကြိမ် မန္တလေးတိုင်းလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ပထမရက်(ဇွန်လ၂ရက်)တွင် ငါးဇွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်သူက " ၂၀၂၁ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အား အာဏာထိန်းသိမ်းမှုနောက်ပိုင်းတွင်ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် လူသားချင်းရက်စက်စွာအသတ်ခံရမှုများကြောင့် မိမိအရပ်ဒေသတွင်နေထိုင်နိုင်ခြင်းမရှိဘဲ နေရပ်စွန့်ခွာပြည်သူများ မန္တလေးတိုင်းဒေသကြီးတွင် အများအပြားရှိနေကြောင်း၊ အဆိုပါနေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများကို နိုင်ငံတော်မှ တစ်ဦးလျှင် ထောက်ပံ့ငွေနှစ်သောင်းကျပ်ပေးအပ်ခဲ့သော်လည်း လူနည်းစုမှာရရှိပြီး အများစုမှာ မရရှိကြသလို ဖြတ်တောက်မှုတစ်ချို့ကြောင့် အပြည့်အ၀မရရှိကြသည်ကို သိရှိရကြောင်း၊ စစ်ဘေးရှောင်ပြည်သူအများစုမှာ ထောက်ပံ့ကြေးရရှိရန် လျှောက်ထားရမည်ကိုလည်း မသိရှိကြောင်း၊ ထပ်တိုးလျှောက်ထားသော်လည်း မရရှိဘဲ ကနဦးစာရင်းပါသူများသာရရှိပြီး အသစ်လျှောက်ထားသူများမှာ လုံး၀မရရှိသည့်အခြေနေဖြစ်နေပါကြောင်း၊ ဥပမာအနေဖြင့် ၎င်း၏မဲဆန္ဒနယ်ဖြစ်သော ငါးဇွန်မြို့နယ်တွင် စစ်ဘေးရှောင်စာရင်းပေါက်သူ ၈၀၀ ဦးကျော် ထောက်ပံ့ကြေးရရှိပြီး ထပ်မံလျှောက်ထားသူပြည်သူ ၄၀၀ ကျော်မှာ လုံး၀မရရှိပါကြောင်း၊ ထို့ပြင် ၂၀၂၆ ဇန်န၀ါရီမှစတင်ကာ ထောက်ပံ့ကြေးပေးအပ်ခြင်းလုံး၀မရှိတော့သည်ကို လေ့လာတွေ့ရှိရပါသဖြင့် စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကြေးထိရောက်စွာရရှိရေးအတွက် မည်ကဲ့သို့စီစဥ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း " မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လူမှုရေး၀န်ကြီးဦးလှကြွယ်က " အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာ၀ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့်ပေးအပ်ခဲ့ရာ ပထမအကြိမ်အဖြစ် ၂၀၂၅ခုနှစ်ဇန်န၀ါရီလတွင် လူဦးရေ ၂၆၇၆၆ဦးအတွက် ၅၃၅.၃၂သန်း၊ ဒုတိယအကြိမ်အဖြစ် ဖေဖော်၀ါရီလအတွက် ၃၉၉၂၄ဦးနှင့်မတ်လအတွက် ၄၀၀၆၅ ဦးတို့အတွက် စုစုပေါင်း ၁၅၉၉.၇၈သန်း၊ တတိယအကြိမ်အဖြစ် ဧပြီလတွက် ၄၁၇၃၉ ဦး၊ မေလအတွက် ၄၁၇၃၃ဦးနှင့်ဇွန်လတွက် ၄၁၇၄၂ဦးတို့တွက် စုစုပေါင်း ၂၅၀၄.၂၈သန်း၊ စတုတ္ထအကြိမ်အဖြစ် ဇူလိုင်လတွက် ၃၇၂၁၃ဦး၊ သြဂုတ်လအတွက် ၃၇၂၁၃ ဦးနှင့်စက်တင်ဘာလတွက် ၃၇၂၁၁ ဦးတို့အတွက် စုစုပေါင်း ၂၂၃၂.၇၄ သန်း၊
ပဥ္စမအကြိမ်အဖြစ် အောက်တိုဘာလအတွက် ၃၅၅၆၃ဦး၊ နို၀င်ဘာလအတွက် ၃၅၆၃၁ဦးနှင့် ဒီဇင်ဘာလအတွက် ၃၅၉၁၈ဦးတို့အတွက် စုစုပေါင်း ၂၁၄.၂၄ သန်းတို့ကိုပေးအပ်ခဲ့သည်" ဟု ဖြေကြားချက်အရသိရသည်။















