ဒက်ကလန်ရိုက်စ်ဟာ မိမိတို့မန်ယူအသင်းနဲ့ အလွန်လိုက်ဖက်မယ့်သူဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား

ဒက်ကလန်ရိုက်စ်ဟာ မိမိတို့မန်ယူအသင်းနဲ့ အလွန်လိုက်ဖက်မယ့်သူဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား
Photo: X
Photo: X
Published 15 May 2026

မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ပြိုင်ဘက်အာဆင်နယ်အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ မိမိတို့ မန်ယူအသင်းနဲ့ အလွန်လိုက်ဖက်မယ့်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ဒက်ကလန်ရိုက်စ်တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် အပြိုင်ရေပန်းစားနေသူတွေဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာ နှစ်ဦးအတူ တွဲကစားဖို့ ဆန္ဒရှိခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

''ရိုက်စ်က မန်ယူနိုက်တက်အသင်းအတွက် ကစားရမယ့် ကစားသမားတစ်ယောက်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ သူ အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တဲ့အချိန်မှာ ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သူက ကျွန်တော်တို့အသင်းနဲ့ အရမ်းလိုက်ဖက်မယ့်သူလို့ ကျွန်တော် အမြဲတွေးခဲ့ပါတယ်'' လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှား တာဝန်ယူနေစဉ် ၂၀၂၁ ခုနှစ်က ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြနေတဲ့ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ချိန်ရွယ်ခဲ့ဖူးပေမဲ့ ခေါ်ယူနိုင်တဲ့အထိ မကြိုးပမ်းခဲ့ပါဘူး။

ဒါကြောင့် အာဆင်နယ်အသင်းက ၂၀၂၃ နွေရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၅ ဂိုးသွင်းယူကာ ခြေစွမ်းပြနေတဲ့အတွက် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ခဲ့ရင် Ballon d'Or ဆုကိုပါ ရရှိနိုင်ခြေရှိတယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

Most Read

Most Recent