အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ အိုက်စလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားပြီး (၂)မိနစ်အတွင်းမှာပဲ ပယ်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် မနေ့က အိုက်စလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်းနဲ့ မပူးပေါင်းခင် အင်တာမိုင်ယာမီအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ရာနှုန်းပြည့်ကြံ့ခိုင်ခြင်းမရှိသးတာကြောင့် ဟွန်ဒူးရပ်စ်နဲ့ပွဲမှာ ကစားနိုင်ခြင်းမရှိခဲ့သလို၊ ဒီပွဲမှာလည်း မိနစ်(၂၀)ဝန်းကျင်သာ လူစားဝင်ကစားခဲ့ရတာပါ။
မက်ဆီက မိနစ်(၇၀)မှာမှ လူစားဝင်ကစားခဲ့ပေမဲ့ (၇၂)မိနစ်မှာ ပယ်နယ်တီကနေ အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါကြောင့် မက်ဆီအနေနဲ့ ကစားသမားဘဝ သွင်းဂိုးစုစုပေါင်း (၉၁၁)ဂိုးရှိသွားခဲ့ပြီး လက်ရွေးစင်အသင်းအတွက်တော့ (၁၁၇)ဂိုး ရှိသွားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲ(၇)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ယုံကြည်ချက်ပိုမိုမြင့်တက်သွားစေခဲ့ပါတယ်။















