ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းအတွင်း လဲကျခဲ့တာကြောင့် ဆေးရုံတင်ပို့ခဲ့ရ

ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းအတွင်း လဲကျခဲ့တာကြောင့် ဆေးရုံတင်ပို့ခဲ့ရ
Photo: X
Photo: X
Published 8 June 2026

ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း လဲကျခဲ့တာကြောင့် ဆေးရုံတင်ပို့ပြီး ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။

အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ ပွဲချိန်(၆၅)မိနစ်မှာ ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပြီး အချိန်အနည်းငယ် သတိလစ်သွားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် အရေးပေါ်ကုသမှုပြုလုပ်ခဲ့ရပြီး ပွဲချိန်(၇၉)မိနစ်ဝန်းကျင်မှာ ပွဲကို ဆက်မကစားတော့ဘဲ အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

အဲရစ်ဆင်အနေနဲ့ အချိန်အနည်းငယ်အတွင်း သတိပြန်ရပြီး ကွင်းထဲက လမ်းလျှောက်ထွက်ခွာနိုင်ခဲ့ပေမဲ့ တခြားစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တာကြောင့် ဆေးရုံတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲရစ်ဆင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းကလည်း ဖင်လန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ နှလုံးခုန်ရပ်ပြီး ကွင်းအတွင်း လဲကျမှုဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသလို၊ နှလုံးနှိုးစက် တပ်ဆင်ထားရပြီး (၈)လကြာမှ ဘောလုံးပြန်ကစားနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ် စပါးနဲ့ မန်ယူအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာ ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းရဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။

Most Read

Most Recent