ပခုက္ကူသီးနှံစျေးကွက်အတွင်း ကုန်စုံဝင်ရောက်မှုနည်းပါးပြီး ​စျေးဆိုင်များ အရောင်းအဝယ်​အေးနေ

ပခုက္ကူသီးနှံစျေးကွက်အတွင်း ကုန်စုံဝင်ရောက်မှုနည်းပါးပြီး ​စျေးဆိုင်များ အရောင်းအဝယ်​အေးနေ
Published 22 May 2026

ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခုမေလနောက်ဆုံးပတ်တွင် ကုန်စုံဝင်ရောက်မှု နည်းပါးနေပြီး စျေးဆိုင်များတွင် အရောင်းအဝယ်အေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခုရက်ပိုင်းတွင် ပိဿချိန် ၅ သောင်းအောက်သာ ဝင်ရောက်ပြီး တစ်ပိဿ ၂၁၀၀ ကျပ်ထိ ပေါက်စျေးရှိကြောင်း သိရသည်။

“ ပုံမှန်ဆို ဒီစျေးတန်းမှာ ကြက်သွန်က ၁ ရက်ပိဿ ၇ သောင်းအထက်ဝင်နေကြ။ အခုလမ်းပိုင်းတွေ သွားလာလို့ အဆင်မပြေတာလား ပခုက္ကူကနေ စျေးဝယ်ပြန်ဖို့ အခက်အခဲရှိတာကြောင့်လား ကုန်ဝင်ပါးတယ် “ ဟု ပခုက္ကူမြို့ခံတစ်ဦး ကပြောသည်။

မြစ်ရေဝင်ဒေသများမှ ပဲအမျိုးမျိုး လာရောက်ရောင်းချမှု နည်းပါးနေပြီး ကုန်ကားများ အပြန်ကုန်စည်သယ်ယူရေး အခက်အခဲများရှိကြောင်း သိရသည်။

“ ရွာကနေ ပဲအိတ်နဲ့ လာပြီး အပြန်ကို ဆန်ဆီဆားနဲ့ တစ်​ခြားကုန်စုံတင်ပြီး ပြန်ကြတာ။ အခု အလာမှာ ကုန်ရတယ်။ အပြန်ကုန် တင်မရတော့ ရွာဖက်တွေက မလာကြဘူး။ ပခုက္ကူ​​စျေးက နေ့လည် ၁၂ နာရီလောက်ဆို ​စျေးသည်နဲ့ အလုပ်သမားပဲကျန်တယ် စျေးဝယ်သူက မရှိဘူး”  ဟု စျေးသည်တစ်ဦး ကပြောသည်။

ပခုက္ကူမြို့ရှိ စျေးသည်များမှာ လက်တလောတွင် ညောင်ဦးမြို့နယ်ဖက်မှ လာရောက်သည့် စျေးဝယ်များအား အဓိက​ရောင်းချနေရပြီး ရေစကြို ၊ မြိုင် ၊ ပေါက်မြို့နယ်နှင့် ကုန်စည်ရောင်းဝယ်မှု သိသာစွာလျော့ကျသွားကြောင်း သိရသည်။

Most Read

Most Recent