ငါးနှစ်ကျော်ကြာ သွားလာခွင့် ကန့်သတ်ထားခဲ့သည့် ဘူတာကြီးဂုံးကျော်တံတား အပါအဝင် မန္တလေးမြို့ရှိ လမ်းမကြီးများအား ပြန်လည်ဖွင့်လှစ်

ငါးနှစ်ကျော်ကြာ သွားလာခွင့် ကန့်သတ်ထားခဲ့သည့် ဘူတာကြီးဂုံးကျော်တံတား အပါအဝင် မန္တလေးမြို့ရှိ လမ်းမကြီးများအား ပြန်လည်ဖွင့်လှစ်
Published 8 June 2026

ငါးနှစ်ကျော်ကြာ သွားလာခွင့် ကန့်သတ်ထားခဲ့သည့် ဘူတာကြီးဂုံးကျော်တံတားအပါအဝင် မန္တလေးမြို့ရှိ လမ်းမကြီးများအား ဖွင့်ပေးခဲ့ပြီးနောက် အသုံးပြုခွင့်ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အာဏာထိန်းမှုဖြစ်စဉ်ပြီးနောက် လုံခြုံရေးအခြေ​အနေအရ အစိုးရအဖွဲ့ရုံးအဆောက်အဦး၊ တိုင်းအစိုးရအဖွဲ့ရုံး၊ အစိုးရအဖွဲ့ဝင်များ၏ အိမ်ယာများ၊ လုံခြုံရေးနှင့်သက်ဆိုင်သည့် ဘဏ်၊ ရုံးကဲ့သို့နေရာများ၊ မန္တလေးစည်ပင်သာယာရေးကော်မတီအပါအဝင် နေရာအသီးသီးနှင့်ဆက်စပ်နေသည့်လမ်းများကို အများပြည်သူသွားလာအသုံးပြုခွင့်ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ်များတည်ရှိရာ ၂၄ လမ်းနှင့် ၂၅ လမ်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အဦးရှိရာ ၂၇ လမ်း၊ အစိုးရအဖွဲ့ဝင်အိမ်ယာများတည်ရှိရာ ၂၈ လမ်း၊ တိုင်းအစိုးရရုံးနှင့်ဝန်ထမ်းအိမ်ယာများတည်ရှိသည့် ၆၅ လမ်း၊ ၂၅ လမ်း၊ ၂၃ လမ်း၊ ၂၄ လမ်း စသည်တို့ကိုပြန်လည် အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့လယ်ခေါင်ရှိ ဘူတာကြီးဂုံးကျော်တံတားကိုလည်း ပြန်လည်ဖွင့်လှစ်ပြီး အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

“ဘူတာကြီးအပါအဝင် လမ်းမကြီးတော်တော်များများ ပြန်အသုံးပြုခွင့်ရလို့ ဝမ်းသာပါတယ်။ဒါပေမယ့် တရုတ်ကောင်စစ်ဝန်ရုံးရှိရာ ၇၃ လမ်းနဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးရှိရာ ၆၅ လမ်းကိုတော့ ခုထိပိတ်ထားတုန်းပါ။ မြို့သစ်ကနေ မြို့ထဲကို သွားလို့ရတဲ့အဓိကလမ်းမကြီးနှစ်ခုကို ပိတ်ထားတဲ့အတွက် မနက် မနက်အလုပ်သွားချိန်ဆို ၆၈ လမ်းမှာယာဉ်ကြောပိတ်ဆို့မှု တော်တော်ဆိုးဆိုးဖြစ်တယ်။ လုံခြုံရေးအရဆိုရင်လည်း ညပဲပိတ်ပြီး နေ့ခင်းတော့ဖွင့်ပေးစေချင်ပါတယ်။ အခြေခံလူတန်းစား ဆိုင်ကယ်စီးအလုပ်သွား အလုပ်ပြန်တွေတို့၊ မန္တလေးမြို့ခံမဟုတ်တဲ့သူတွေခင်မျ မသိလို့အဲလမ်းတွေဝင်မိရင် ဒဏ်ရိုက်ခံရ၊ စစ်​ဆေးမေးမြန်းခံရ၊ ဖုန်းအစစ်ခံရနဲ့ တစ်ရက်တစ်ရက်မြင်ရတာ စိတ်မချမ်းသာဘူး။ တိုင်းအစိုးရအဖွဲ့ရုံးနေရာကလမ်းတွေတောင် အကုန်ဖွင့်ပေးနေပြီပဲဗျာ" ဟု မြို့သစ်မှ မန္တလေးမြို့ထဲသို့နေ့စဉ်အလုပ်သွားနေသည့် မြို့ခံတစ်ဦးက ပြောကြားသည်။

တရုတ်ကောင်စစ်ဝန်ရုံးတည်ရှိရာ သိပ္ပံလမ်း(၁၀၁လမ်း)တောင်ဘက်ရှိ ၇၃လမ်းအား ဆိုင်ကယ်များသွားလာခွင့် ကန့်သတ်ထားသည်မှာ ၅နှစ်ကျော်ကြာခဲ့ပြီဖြစ်သလို အစိုးရရုံးဌာနဆိုင်ရာနေရာအဆောက်အဦးများအား ဆိုင်ကယ်မောင်းနှင်လာသူများက ဗုံးဖြင့်ပစ်ပေါက်ထွက်ပြေးသည့်ဖြစ်စဉ်များကြောင့် ယာဉ်သွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent