မေ ၂၅ ရက်တွင် အီရန်တောင်ပိုင်းရှိ ဒုံးကျည်စခန်းများနှင့် ရေမြှုပ်မိုင်းထောင်ရန် ကြိုးပမ်းနေသည့် ရေယာဉ်များကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ ယခုတိုက်ခိုက်မှုကြောင့် အပစ်အခတ်ရပ်စဲရေး မရေမရာဖြစ်နေမှုကို ပိုဆိုးသွားစေခဲ့သည်။
ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တင်ဟော့ကင်းစ်၏အဆိုအရ အရှေ့အလယ်ပိုင်းပဋိပက္ခကို အဆုံးသတ်ရေး ဆွေးနွေးရန် အီရန်ထိပ်တန်းအရာရှိများ ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ရောက်နေချိန် အဆိုပါတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုအသေးစိတ်ကို မဖော်ပြခဲ့ဘဲ အီရန် ဒုံးကျည်ပစ်လွှတ်ရေးစခန်းများနှင့် ရေအောက်မိုင်းထောင်မည့် ရေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟုသာ အသိပေးခဲ့သည်။
ယခုလုပ်ရပ်သည် ဧပြီလ ၈ ရက်က စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ခြိမ်းခြောက်လျက်ရှိပြီး မေ ၂၆ ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ရေနံစျေးနှုန်းများ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက် ဆက်လက်ရှိနေခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကြုံးဝါးထားသည့်အတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် မျှော်လင့်ချက်မှာ ထပ်မံမှေးမှိန်ခဲ့ရသည်။ မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်မဆို လက်ဘနွန်ရှိ တိုက်ပွဲများနှင့်လည်း သက်ဆိုင်ရမည်ဟု အီရန်ဘက်က တောင်းဆိုထားခြင်းကြောင့်ဖြစ်သည်။
ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အီရန်အနေဖြင့် ၎င်းတို့၏ သန့်စင်ပြီးယူရေနီယံများကို ဖျက်ဆီးပစ်ရန် အမေရိကန်ထံ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံတကာ အသိသက်သေများရှေ့တွင် ယူရေနီယံများကို အီရန်အတွင်း၌ပင် ဖျက်ဆီးပစ်ရမည်ဖြစ်ကြောင်း ရေးသားထားသည်။
အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆော်ဒီအာရေဗျ၊ ယူအေအီး ၊ ကာတာ၊ ပါကစ္စတန်၊ အီဂျစ်၊ တူရကီ၊ ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံတို့က အေဘရာဟမ်သဘောတူညီချက်တွင် မဖြစ်မနေ ပါဝင်လက်မှတ်ရေးထိုးရမည်ဟုလည်း ထရန့်က တိုက်တွန်းနေပြန်သည်။
အစ္စရေးကို ရန်လိုမုန်းတီးခဲ့ကြသည့် နိုင်ငံများနှင့် ၂၀၂၀ ခုနှစ်တွင် စေ့စပ်ပေးခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး မော်ရိုကို၊ ဆူဒန်၊ ဘာရိန်းနှင့် ယူအေအီးတို့က အဆိုပါသဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။အေဘရာဟမ်သဘောတူညီချက်သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် အရှေ့အလယ်ပိုင်းတွင် ယခုထိ လူထောက်ခံမှု နည်းနေဆဲဖြစ်သည်။
ဆော်ဒီအာရေဗျနှင့် ကာတာကဲ့သို့ ပင်လယ်ကွေ့ဒေသတွင်း ဩဇာကြီးမားသည့် နိုင်ငံများကမူ လွတ်လပ်သည့်ပါလက်စတိုင်းနိုင်ငံ မထူထောင်နိုင်သရွေ့ အစ္စရေးနှင့် ပြန်လည်ဆက်ဆံမည်မဟုတ်ဟု ပြောကြားထားသည်။
Ref: AFP,Photo: AL-MONITOR















