ဂါဇာကမ်းမြောင်ဒေသသို့ ဦးတည်လာစဉ် ဖမ်းဆီးခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူများကို ရိုင်းစိုင်းစွာ ဆက်ဆံခဲ့မှုကြောင့် ကမ္ဘာတစ်ဝန်း ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အစ္စရေး၏လက်ယာစွန်း လုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂဗီယာကို ပြည်ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ပြင်သစ်နိုင်ငံက ကြေညာလိုက်သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး နိုရယ်ဘာရော့က မေ ၂၃ ရက်တွင် ထိုသို့ကြေညာခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့်လည်း ဘန်ဂဗီယာအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တိုက်တွန်းထားသည်။ ၎င်းမတိုင်မီ ရက်ပိုင်းကလည်း ပိုလန်နိုင်ငံက ဘန်ဂဗီယာကို ပြည်ဝင်ခွင့် ငါးနှစ်ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။
ဝန်ကြီးကိုယ်တိုင် လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်များကြောင့် ပြဿနာစခဲ့ခြင်းဖြစ်သည်။ လက်ထိပ်ခတ်ခံထားရပြီး ဒူးထောက်နေရသည့် ပြင်သစ်နှင့် ဥရောပနိုင်ငံသား တက်ကြွလှုပ်ရှားသူများကို ဘန်ဂဗီယာက လှောင်ပြောင်နေသည်ကို ဗီဒီယိုများ၌တွေ့ရသည်။ အချုပ်ခန်းအပြင်ဘက် မြေပြင်ပေါ်တွင် ဖမ်းဆီးထားသူများကို နဖူးနှင့်ကြမ်းထိအောင် ဝပ်ခိုင်းထားခြင်းတို့အပါအဝင် လူမဆန်စွာ ဆက်ဆံခဲ့မှုများကြောင့် နိုင်ငံတကာခေါင်းဆောင်များသာမက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကပါ ရှုတ်ချခဲ့သည်။
ဂါဇာကိုဦးတည်လာသည့် ရေယာဉ်အစီး ၅၀ ပါ နိုင်ငံတကာကူညီရေးအဖွဲ့ကို အစ္စရေးကမ်းရိုးတန်းမှ မိုင် ၂၅၀ အကွာ နိုင်ငံတကာရေပိုင်နက်အတွင်း အစ္စရေးစစ်တပ်က ကြားဖြတ်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ ၄၃၀ ခန့်ရှိပြီး ၎င်းတို့ကိုဖမ်းဆီးစဉ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက လျှပ်စစ်တုတ်များဖြင့် တို့ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများကပြောသည်။ Ref: AP














