သီရိလင်္ကာလေဆိပ်တွင် ဆေးခြောက် ၁၁၀ ကီလိုဂရမ် သယ်ဆောင်လာမှုဖြင့် သံဃာ ၂၂ ပါး ဖမ်းဆီးခံရ

သီရိလင်္ကာလေဆိပ်တွင် ဆေးခြောက် ၁၁၀ ကီလိုဂရမ် သယ်ဆောင်လာမှုဖြင့် သံဃာ ၂၂ ပါး ဖမ်းဆီးခံရ
Published 28 April 2026
Ref:BBC

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်လေဆိပ်သို့ ရောက်ရှိလာသည့် သံဃာ ၂၂ ပါး၏ ခရီးဆောင်အိတ်များအတွင်းမှ စုစုပေါင်း အလေးချိန် ၁၁၀ ကီလိုဂရမ် (၂၄၂ ပေါင်) ရှိသည့် ဆေးခြောက်များကို အကောက်ခွန်အရာရှိများက သိမ်းဆည်းရမိခဲ့သည်။

ဧပြီ ၂၅ ရက်က ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။ခရီးဆောင်အိတ်များအတွင်း လျှို့ဝှက်အကန့်များပြုလုပ်၍ သံဃာတစ်ပါးလျှင် Kush ဆေးခြောက် ငါးကီလိုဂရမ်ခန့်စီ ထည့်သွင်းသယ်ဆောင်လာခြင်းဖြစ်သည်။

သံဃာအများစုက စာသင်သားများဖြစ်ပြီး အမည်မဖော်လိုသူ အလှူရှင်တစ်ဦး၏ အကုန်အကျခံမှုဖြင့် ထိုင်းနိုင်ငံသို့ လေးရက်ကြာ အပန်းဖြေခရီး သွားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်ကို စီစဉ်ပေးခဲ့သူဟု ယူဆရသည့် ၂၃ ပါးမြောက် သံဃာကိုလည်း ကိုလံဘိုမြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ထပ်မံဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က BBC Sinhala သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ပြောခွင့်ရှိသူ၏ အဆိုအရ ထိုခရီးစဉ်တွင် လိုက်ပါမသွားသည့် စီစဉ်သူသံဃာက ကျန်သံဃာများကို ပါဆယ်ထုပ်များသည် အလှူပစ္စည်းများဖြစ်ကြောင်းနှင့် လေဆိပ်သို့ရောက်ပါက ကားတစ်စီးနှင့် လာရောက်သိမ်းဆည်းလိမ့်မည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သံဃာတော်များက ၄င်းတို့သယ်ဆောင်လာသည့် အထုပ်များအတွင်း မည်သည့်အရာများပါသည်ကို သိပုံမရကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ဆေးခြောက်ထုပ်များကို ကျောင်းသုံးပစ္စည်းများနှင့် မုန့်ပဲသရေစာများကြားတွင် ရောဝှက်ထည့်ထားခြင်းဖြစ်သည်။

သီရိလင်္ကာ မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနက သံဃာတော်အချို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးခဲ့ရာ ခရီးစဉ်အတွင်း လူဝတ်ကြောင်အဝတ်အစားများ ဝတ်ဆင်၍ အပန်းဖြေနေသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို တွေ့ခဲ့ရသည်။

ဖမ်းဆီးထားသည့် သံဃာ ၂၂ ပါးကို ဧပြီ ၂၆ ရက်တွင် ရုံးထုတ်ခဲ့ပြီး နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်ရန် ရရက်ကြာ ချုပ်မိန့် ရယူထားကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် သီရိလင်္ကာသမိုင်းတွင် သံဃာအစုအလိုက်အပြုံလိုက် မူးယစ်ဆေးမှောင်ခိုကူးမှုဖြင့် ပထမဆုံးအကြိမ် လေဆိပ်တွင်ဖမ်းဆီးခံရမှု ယူဆရသည်။

Photos: AFP

Most Read

Most Recent