လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ရေးမြို့နယ်၊ ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ပြန်လည်လွတ်မြောက်လာကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ရေးမြို့နယ်၊ ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့တာဝန်ခံဖြစ်သူ ဦးကျော်သူ (ဒုဦးစီးမှူး) မှာ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က မုဒုံမြို့မှ ရေးမြို့သို့ သွားရောက်စဉ် သံဖြူဇရပ် - ရေး ကားလမ်း၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
၎င်းအား ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းအချိန်က သံဖြူဇရပ်-ရေး ကားလမ်း၊ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “သူ့ (ဦးကျော်သူ) ကို လက်နက်ကိုင်တွေက ဖုန်းနဲ့ ပိုက်ဆံအိတ် ပြန်ပေးပြီးတော့ မျက်လုံးကို အဝတ်စည်းပြီးတော့ Vigo နှစ်ခန်းတွဲ အမဲရောင်မော်တော်ယာဉ်နဲ့ ဝဲခမိကျေးရွာအနီးကိုခေါ်ဆောင်လာပြီးတော့ သံဖြူဇရပ်-ရေး ကားလမ်းဘေးမှာ ချထားပေးခဲ့တာလို့ ပြောတယ်။ ဖုန်းကတစ်ဆင့် သက်ဆိုင်ရာကို အသိပေးလို့ သူ့ကို သွားခေါ်ကြတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
ဦးကျော်သူမှာ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် လတ်တလောတွင် ဦးကျော်သူအား သက်ဆိုင်ရာက စစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ရေးမြို့နယ်၊ ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့တာဝန်ခံဖြစ်သူ ဦးကျော်သူ (ဒုဦးစီးမှူး) မှာ ရေးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် မုဒုံမြို့တွင် နေထိုင်နေရသူတစ်ဦးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဘတ်ဂျက်အစည်းအဝေးအား မဖြစ်မနေတက်ရောက်ရမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက ညွန်ကြားလာသည့်အတွက်ကြောင့် Zoom မှတစ်ဆင့် အစည်းအဝေးတက်ရောက်ရန် မုဒုံမြို့မှ ရေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ပြန်လာစဉ် သံဖြူဇရပ်မြို့သို့ အရောက်တွင် သံဖြူဇရပ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးကတစ်ဆင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးထံသို့ သတင်းပို့ပြီးနောက် ရေးမြို့သို့ ဆက်လက်ထွက်ခွာလာစဉ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ရေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်ကလည်း သံဖြူဇရပ်-ရေး ကားလမ်း၊ ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် ရေးခရိုင်ထွေ/အုပ်မှ ဌာနခွဲစာရေး ဒေါ်တင်တင်ဝင်း၊ ရေးမြို့နယ်ထွေ/အုပ်မှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ၊ ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးရှင်းသန့်ကိုကိုတို့ သုံးဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးပြောက်ကျားအဖွဲ့ (YGF) မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ဧပြီ ၂၈ ရက်အထိ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ် (၈) ပြည်ထာင်စုလမ်းမကြီး သံဖြူဇရပ် - ရေးလမ်းအပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။















