ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ရာ ရှစ်ဦးဒဏ်ရာရ

ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ရာ ရှစ်ဦးဒဏ်ရာရ
Published 12 August 2024

ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း၊ မိုင်တိုင်အမှတ် ၂၂ ညောင်ဘောဘုရားကွေ့တွင် ခရီးသည်တင် Express ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး  ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးစိုးရိမ်ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက်၊ ညနေ ၆နာရီ ၁၅ မိနစ်ခန့်က ပြင်ဦးလွင် - မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် ၂၂၊ ညောင်ဘောဘုရားကွေ့တွင် ခရီးသည်တင် express ကားတစ်စီးမှာ မိုးရွာသွန်းမှုကြောင့် လမ်းချော် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားရာသို့  ပြင်ဦးလွင်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၃၅ ဦးအနက် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်အတွင်း ညပ်နေ၍ ကယ်ထုတ်ခဲ့ရသည့် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ယင်းသို့ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များအား ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် သန္တိသုခလူမှုကူညီရေးအသင်းတို့မှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့‌ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent