■ အက်စတွန်ဗီလာအား အနိုင်ရပြီးနောက် မန်စီးတီးကစားသမားများသည် ဖိအားများကို ကိုင်တွယ်နိုင်သူများဖြစ်ကြောင်း အသင်းနည်းပြ ဂွါဒီယိုလာ ချီးကျူး

■ အက်စတွန်ဗီလာအား အနိုင်ရပြီးနောက် မန်စီးတီးကစားသမားများသည် ဖိအားများကို ကိုင်တွယ်နိုင်သူများဖြစ်ကြောင်း အသင်းနည်းပြ ဂွါဒီယိုလာ ချီးကျူး
Photo: Man City
Photo: Man City
Published 23 April 2025

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါသည့်ပွဲစဉ်တွင် အက်စတွန်ဗီလာအသင်းကို  အနို်င်ကစားခဲ့ကြသည့် အသင်းကစားသမားများမှာ ဖိအားများကို ကိုင်တွယ်နိုင်သူများဖြစ်ကြောင်း ချီးကျူးခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် အသင်းအဓိကကွင်းလယ်ကစားသမား ရိုဒရီ ACL ဒဏ်ရာရခြင်းနှင့်အတူ မထင်မှတ်ဘဲ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပင် တိုက်ပွဲဝင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

မန်စီးတီးအသင်းသည် ဧပြီလ (၂၂) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)တွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ပြိုင်ဘက်ဖြစ်သည့် အက်စတွန်ဗီလာနှင့် ကစားခဲ့ရပြီး မက်သီးယပ်စ်နူးနက်စ်၏ နောက်ကျဂိုးကြောင့် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည် ရမှတ် (၆၁)မှတ်ဖြင့် အဆင့် (၃) နေရာ တက်လှမ်းနိုင်ခဲ့ပြီး အက်စတွန်ဗီလာမှာမူ (၅၇) မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေသည်။

အက်စတွန်ဗီလာနှင့်ပွဲအပြီးတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၎င်းတို့အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများခဲ့ပြီး အသင်းကစားသမားများအနေဖြင့် ယင်းဖိအားကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက ''ဘောလုံးက ကစားသမားတွေအတွက်ရော၊ ပရိသတ်တွေအတွက်ပါ စိတ်ခံစားမှုများပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖိအားများခဲ့တာပါ။ ဒါပေမဲ့ အသင်းကစားသမားတွေက မယုံနိုင်စရာကောင်းလောက်အောင် ပြုမူခဲ့ကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ အရမ်းသဘောကျပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒါကို နားလည်ဖို့ သိပ္ပံပညာရှင်တွေ မလိုပါဘူး''ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဧပြီလ (၂၇) ရက်တွင် နော်တင်ဟမ်ဖောရက်စ်နှင့် FA ဖလား ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် အဆိုပါပွဲတွင် နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရပါက FA ဖလားဗိုလ်လုပွဲသို့ (၃)နှစ်ဆက်တိုက် တက်ရောက်နိုင်မည်ဖြစ်သည်။

 

Most Read

Most Recent