■ အိုဆင်မန်အား လာမည့်နွေရာသီတွင် ခေါ်ယူရန် မန်ယူနိုက်တက်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းထွက်

■ အိုဆင်မန်အား လာမည့်နွေရာသီတွင် ခေါ်ယူရန် မန်ယူနိုက်တက်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းထွက်
Photo: Gettyimages
Photo: Gettyimages
Published 23 April 2025

မန်ယူနိုက်တက်အသင်းသည် ဂါလာတာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား လာမည့်နွေရာသီတွင် ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်နေသည်။

အသက် (၂၆) နှစ်အရွယ် နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်သည် လက်ရှိတွင် ဂါလာတာစာရေးအသင်း၌ တစ်ရာသီအငှားဖြင့် ကစားနေပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ အီတလီပြင်ပကလပ်အသင်းများအတွက် ပေါင် (၆၃) သန်းဖြစ်ကြောင်း သိရသည်။

အိုဆင်မန်သည် အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ကဲ့သို့ ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယခုအခါ မန်ယူနိုက်တက်အသင်းက ၎င်းကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရခဲ့ခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

သို့သော် မန်ယူနိုက်တက်အသင်းအနေဖြင့် အိုဆင်မန်အတွက် စာချုပ်လျော်ကြေး ပေါင် (၆၃) သန်းကို ပေးချေလိုခြင်းမရှိကြောင်း သိရသည်။

နာပိုလီအသင်းသည် အသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အိုဆင်မန်အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသဖြင့် လာမည့်နွေတွင် မဖြစ်မနေရောင်းထုတ်လိုနေကြောင်း သိရသည်။

ထို့ကြောင့် မန်ယူနိုက်တက်အသင်းသည် အိုဆင်မန်အတွက် စာချုပ်လျော်ကြေးအတိုင်းမပေးဘဲ လျှော့ဈေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေသလို၊ တစ်ဖက်ကလည်း အသင်းတွင် ခြေစွမ်းမပြနိုင်သည့် တိုက်စစ်မှူး ဟွိုင်လန်းကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း Tuttosport က ဖော်ပြခဲ့သည်။

အသက် (၂၂) နှစ်အရွယ်ရှိ မန်ယူနိုက်တက်တိုက်စစ်မှူး ဟွိုင်လန်းသည် ယခုရာသီတွင် ရုန်းကန်နေပြီး ပရီးမီးယားလိဂ် (၂၈) ပွဲတွင် (၃) ဂိုးသာ သွင်းယူထားသည်။

အိုဆင်မန်မှာမူ အငှားကစားနေသည့် ဂါလာတာစာရေးအသင်းတွင် ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၄) ပွဲတွင် (၂၉) ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။

မန်ယူနိုက်တက်အသင်းသည် အိုဆင်မန်အပြင် ဝုလ်ဗ်တိုက်စစ်မှူး ကူညာနှင့် အစ်ဝှစ်ချ်တိုက်စစ်မှူး ဒီလပ်စ်တို့ကိုလည်း ခေါ်ယူရန် ချိတ်ဆက်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent