
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် ခုနှစ်စီးအထိရှိလာကြောင်း သိရသည်။
ဧပြီလ (၂၂) ရက် ညနေပိုင်းအချိန်က ကမာမိုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ပြိုင်ပွဲဝင်လှည်းအရေအတွက် ခုနှစ်စီးအထိရှိလာသည့်အပြင် အလှပြလှည်းယာဉ်တစ်စီးလည်း ပါဝင်ပြသခဲ့ကြောင်း ကမာမိုကျေးရွာမှ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။
၎င်းင်းကဆက်လက်ပြီး “အရင်နှစ်တွေတော့ ပြိုင်ပွဲဝင်လှည်းတွေက သုံးလေးစီးဘဲရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ပြိုင်ပွဲဝင်လှည်းတွေ ခုနှစ် စီးအထိရှိလာတဲ့အတွက် အရင်နှစ်တွေထက်ပိုများလာပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီထက်ပိုများတဲ့ အရေအတွက်တွေဖြစ်လာအောင် ဆက်ကြိုးစားပါဦးမယ်” ဟု ပြောကြားသည်။
Covid ကာလမတိုင်ခင်ကာလများက လှည်းပြိုင်ပွဲများတွင် လှည်းယာဉ် (၈) စီး၊ (၉) စီးခန့်အထိရှိခဲ့ကြောင်းနှင့် ယင်းနောက်ပိုင်းနှစ်များတွင် ပြိုင်ပွဲဝင်လှည်းအရေအတွက် လျော့ကျသွားသော်လည်း ယခုနှစ်မှသာ ပြိုင်ပွဲဝင်လှည်းအရေအတွက် ပြန်လည်များပြားလာခြင်းဖြစ်ကြောင်း ၎င်းင်းကဆိုသည်။
အဆိုပါ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းယာဉ်များအနေဖြင့် သက်ဆိုင်ရာ စုရပ်မှ ကမာမိုးကျေးရွာတောင်ပိုင်းရှိ ဝင်းလဲ့ညီနောင် ဆုတောင်းပြည့်စေတီတော်သို့ လှည်းယာဉ်ဖြင့်သွားရောက်ကာ ဘုရားဖူးပြီးနောက် ကမာမိုကျေးရွာ အလယ်ပိုင်းရှိ ဘုရားပွဲကျင်းပရာကွင်းအတွင်းသို့မောင်းနှင်လာရကြောင်း နှင့် လမ်းတလျှောက်ရှိ အမှတ်ပေးအဖွဲ့များမှလည်း အကဲဖြတ်အမှတ်ပေးကြကြောင်း သိရသည်။
မွန်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုလည်းဖြစ်သည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲကို (၁၉၇၅) ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း နှင့် ဘီလူးကျွန်းမှာရှိသည့် ရွာဘုရားပွဲများတွင် ဘုရားဖူးသည့်အခါနွားလှည်းဖြင့် ဘုရားဖူးကြသည့် ရိုးရာဓလေ့ထုံးစံတစ်ခုကို နောက်ပိုင်းလူများ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ကမာမိုကျေးရွဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းင်းကဆက်လက်ပြီး “အခုခေတ်က နွားတွေဆိုရင်လည်း မွေးမြူရေးနွားတွေလောက်ပဲရှိတော့တယ်။ လှည်းတွေဆိုရင်လည်း ဘုရားပေါ်ရောက်၊ စားသောက်ဆိုင်တွေရောက်၊ လှည်းဘီးတွေဆိုရင်လည်း နိုင်ငံခြားအထိပါရောက်ကုန်ကြပြီးလေ။ ဒီအချိန်ဒီအခါမှာက လှည်းနဲ့နွားနဲ့ လုပ်ဆောင်ရတဲ့ လယ်ယာလုပ်ငန်းခွင်ကလည်း တော်တော်လေးကိုလည်း အားနည်းသွားပါပြီး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့က နွားတွေ၊ လှည်းတွေရှိနေသ၍တော့ ဒီကမာမိုရွာမှာ မွန်ရိုးရာနွားလှည်းယဉ်ကျေးမှုအလှပြိုင်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားဖို့ ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။
ယခင်က ဘီလူးကျွန်း (၆၄) ရွာဘုရားပွဲဟု လူသိများထင်ရှားခဲ့သည့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းရှိ ကျေးရွာများ၏ဘုရားပွဲများအား မဟာသင်္ကြန်အကြိုနေ့မှ စတင် မြန်မာနှစ်ဆန်း (၁၀) ရက်အထိကျင်းပပြုလုပ်ကြလေ့ရှိကြောင်း နှင့် အဆိုပါကျေးရွာဘုရားပွဲများအတွင်း ကမာမိုကျေးရွာ ဘုရာပွဲ၌ ထည့်သွင်းကျင်းပလေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲမှာလည်း ထင်ရှားသည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
ဘိုဘိုမြင့်