
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အ မှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံး ပေါ်သို့ ယမန်နေ့ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က အဆိုပါ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးအောင်မျိုးမင်း ဆိုသူ၏ နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ် သည်။
ထိုသို့လက်နက်ကြီး ကျရောက်ပေါက် ကွဲမှုကြောင့် ဦးအောင်မျိုးမင်း၏ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် Grade- ၃ ကျောင်း သား မောင်စိုင်းဝေယံမျိုး နှင့် သမီးဖြစ်သူ အသက် (၆) နှစ်အရွယ် KG ကျောင်းသူလေး မလင်းလဲ့နေခြည်တို့မှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ကလေးနှစ် ယောက်လုံးရဲ့ ခနွာကိုယ်အနှံ့မှာ လက်နက်ကြီး ကျည်စထိမှန်တဲ့ ဒဏ်ရာတွေရခဲ့တာပါ။ ကလေးတွေကို တောင်ကလေးတိုက်နယ်ဆေးရုံကို ချက်ချင်းပို့ပေးခဲ့ကြပါတယ်”ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုကလေးငယ်နှစ်ဦးတွင် ရရှိထားသည့် ဒဏ်ရာများ ပြင်းထန်သည့်အတွက်ကြောင့် ၎င်းတို့အား တောင်ကလေးတိုက်နယ်ဆေးရုံမှ တစ်ဆင့်ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင် ပေးခဲ့ရကြောင်း လည်း ၎င်းဒေသခံက ဆိုသည်။
လတ်တလော ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် တပ်မတော်နှင့် KNU/KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။