
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက်(၁)၊ ပါရမီလမ်းသွယ် ၂၀၇ နှင့် ထင်းရှုးမြိုင် သွားသည့်လမ်း၌ ဧပြီလ ၂၃ ရက် နံနက် ၈ နာရီအချိန်ခန့်က မိဘမဲ့ ကလေးများကို စာသင်ပြပြီး ပြန်လာသည့် မိန်းကလေးငယ်တစ်ဦးကို လူငယ်နှစ်ဦးက ဓါးပြကာလုယက်သည့်အပြင် ဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်နှစ်ဦးက ဓါးပြကာလုယက်သည့်အပြင် ဓါးဖြင့်ခုတ်ခဲ့မှုကြောင့် မိဘမဲ့ကလေးများအား စာသင်ပြကာပြန်လာသည့် အသက်က ၂၃ အရွယ် မခေါင်ညွယ် မိန်းကလေးငယ်၏ ဘယ်ဘက်လက်ဖျံ၌ ဓါးခုတ်ဒဏ်ရာကြီးရရှိခဲ့ကာ ခြောက်ချက်ချုပ်ထားရကြောင်း သိရသည်။
မခေါင်ညွယ်ဆိုသည့် မိန်းကလေးသည် သက်စမ်းရေမိဘမဲ့ဂေဟာ ကလေးပြုစုစောင့်ရှောက်ရေး၌ မနက် ၇ နာရီအချိန်တွင် စာသွားသင်ပြကာ မနက် ၈ နာရီအချိန်တွင် မိဘမဲ့ဂေဟာမှ နေအိမ်သို့လမ်းလျှောက်ပြီးပြန်လာစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ လက်တစ်ဘက်ကိုဆွဲကာ ခန္ဓာကိုယ်အနှံလိုက်ရှာခဲ့ပြီး မိန်းကလေးက ဇစ်ပါသောကွန်ပါဘူးနှင့် ဖုန်းတို့ကို အဝေးသို့ပစ်လိုက်စဉ်အတွင်း လူငယ်တစ်ဦးက ၎င်းမိန်းကလေး၏လည်ပင်းအား ဓါးရှည်ဖြင့်ခုတ်ခဲ့ရာ မိန်းကလေးငယ်က ဘယ်လက်ဖြင့် ကာခဲ့ခြင်းကြောင့် လက်ဖျံတွင် ဓါးခုတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ညီမက ကလေးတွေကို စာသင်ပြပြီးပြန်လာတာ ဓါးကိုင်ထားတဲ့လူငယ်နှစ်ဦးက ဖုန်းလုတယ်၊အဲ့ညီမက သူကွန်ပါဘူးရယ်ဖုန်းရယ်ကို တခြားနေရာပစ်လိုက်ပြီး နပန်းလုံးခဲ့တယ်၊အဲ့ဒီမှာ အဲ့လူငယ်နှစ်ဦးထဲက တစ်ဦးက ဓါးရှည်နဲ့ လည်ပင်းကိုခုတ်တာ၊ညီမက လက်နဲ့ကာလိုက်လို့ လက်ထိသွားတယ်။ အော်သံကြောင့် လူတွေထွက်လာတော့ ဆိုင်ကယ်နဲ့ ပြေးသွားတယ်၊ ဖုန်းတော့ပါမသွားလူး၊ ဇစ်ပါတဲ့ ကွန်ပါဘူးကို ဖုန်းအိတ်အထင်နဲ့ယူသွားတာ၊ အဝေးရောက်တော့ ကွန်ပါဘူးဖြစ်လို့ လွင့်ပစ်ခဲ့တယ်။ သူတို့နီစ်ဦးထဲက တစ်ဦး၏ ဖိနပ်ကတဖက်တော့ကျန်ခဲ့ပါတယ်” ဟု မိဘမဲ့ကလေးများအား စာသင်ပြပြီးပြန်လာသူမိန်းကလေး၏ အစ်မဖြစ်သူ မကိုင်းနူးကပြောကြားသည်။