ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့်   သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃၄ ဦးရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့်   သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃၄ ဦးရှိ
Published 8 April 2025

ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် ကနဦးစာရင်းများအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေးကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၀၀၊ အခြားအဆောက်အဦ ၂၈၉ ခု၊ လူနေအဆောက်အဦ ၁၇၃၆ လုံးနှင့် လမ်းတံတား အချို့ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃၄ ဦးရှိကြောင်း သိရသည်။

ဧပြီ ၈ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေအနေများ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် နန်းတော်ဦးလောကမာရဇိန် စေတီတော်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မျက်နားတော် အပါအဝင် ပြိုကျပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စေတီတော်ကြီး၏ ပြိုကျပျက်စီးမှုအခြေအနေများကို ရှင်းလင်တင်ပြရာ ဒုတိယဝန်ကြီးချုပ်က စေတီတော်ကြီးသည် သမိုင်းဝင်စေတီတော်ဖြစ်သည့်အတွက် ရှေးမူမပျက် မူလလက်ရာများအတိုင်း စနစ်တကျ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အပိုင်းအလိုက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါ နန်းတော်ဦးလောကမာရဇိန်စေတီတော်ကြီးကို ကောဇာသက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် ဗဒုံမင်းတရားကြီး ဘိုးတော်ဦးဝိုင်းက တည်ထားပူဇော်ခဲ့ပြီး “နန်းတော်ဦး ရန်အောင်နိုင်”ဘွဲ့ သမုတ်တော်မူခဲ့သည့် ကောဇာသက္ကရာဇ် ၁၂၈၀ ပြည့်နှစ်တွင် ဆရာတော် ဦးဩဘာသနှင့် ဦးအာစရတို့က နန်းတော်ဦးစေတီတော်ကြီးငုံ၍ ဖိနပ်တော် ၅၄ တောင် ဉာဏ်တော် ၇၂ တောင် ထီးတော်အမြင့် ၁၈ တောင်ကို တည်တော်မူခဲ့ပြီး ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်တွင် တည်ဆောက်ပြုပြင်မှု ပြီးဆုံး၍ ထီးတော်အသစ် တင်လှူပြီး "နန်းတော်ဦးလောကမာရဇိန်” ဘွဲ့တော်သမုတ်၍ တည်ထားပူဇော်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကေတုမတီမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တောင်ငူဗဟိုအကျဉ်းထောင်သို့ ရောက်ရှိကြရာ ယာယီရှင်းလင်းဆောင်၌ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အကျဉ်းထောင်တည်ဆောက်ရေးလုပ်ငန်းများ အပိုင်းအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူဗဟို အကျဉ်းထောင်တည်ဆောက်နေသည့် လုပ်ငန်းခွင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်လျက်ရှိသည့် အကျဉ်းထောင်အား ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ထည့်သွင်းတွက်ချက် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ရန်၊ တာဝန်ရှိသူများနှင့် QC အဖွဲ့များ ပူးပေါင်း၍ နှစ်ပတ်တစ်ကြိမ် (သို့မဟုတ်) တစ်ပတ်တစ်ကြိမ် ဆောက်လုပ်ရေးလုပ်ငန်းများကို စစ်ဆေးရန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည်မီသည့် ပစ္စည်းများကိုသာ အသုံးပြုရန်နှင့် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူနည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဖွဲ့စည်း တည်ဆောက်ထားရှိသည့် အချက်အလက်များ၊ ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် အန္တရာယ်ရှိ အဆောက်အဦ/နေရာများအလိုက် သတ်မှတ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်အတွင်း ငလျင်ကြောင့် ပျက်စီးခဲ့သည့် Lobby၊ ပင်မ (၃) ထပ်ဆောင်၊ Extension Building (၄) ထပ်ဆောင်၊ (၃) ထပ် စာသင်ဆောင်၊ (၁) ထပ် လက်တွေ့ဆောင်၊ ကွန်ပျူတာ အခန်းများနှင့် ဘာသာရပ်အလိုက် စာသင်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ၏ ကြံ့ခိုင်မှုတို့အား ပဲခူးတိုင်းဒေသကြီးအစိုးရ၊ အဆောက်အဦစစ်ဆေးအဖွဲ့များ၏ စစ်ဆေးပြီး အခြေအနေများအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပညာရှင်များ၊ တိုင်းတာစစ်ဆေးသည့် စက်ကိရိယာများဖြင့် ထပ်မံစစ်ဆေးလျက် ပြုပြင်ရန်လိုအပ်သည့် အဆောက်အဦနှင့် အစိတ်အပိုင်းများအား မိုးရာသီမတိုင်မီ အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါ နည်းပညာတက္ကသိုလ်သည် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 9001:2025 ) ရရှိပြီးသည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်နည်းပညာတက္ကသိုလ်တစ်ခုပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ Civil၊ EC၊ EP၊ Mech စသည့် မေဂျာကြီး လေးခုသာ သင်ကြားပို့ချခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စ၍ IT နှင့် MC မေဂျာနှစ်ခုကို ထပ်တိုးသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရပ်သား ပြည်သူများကို လိုက်လံကြည့်ရှု၍ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေ အနေများ၊ ရောဂါသက်သာပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဆေးရုံမှဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို လည်းကောင်းပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆေးရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို အတွင်းလူနာအဖြစ် ၆၇ ဦး တက်ရောက်ကုသမှုခံယူခဲ့ရာမှ ယခုအခါ ရှစ်ဦးသာ ဆေးကုသမှုခံရန် ကျန်ရှိပြီး ၅၉ ဦးသည် ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသွားကြပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သမိုင်းဝင်ရွှေဆံတော် စေတီတော်သို့ရောက်ရှိကြရာ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကာ ငလျင်ဒဏ်ကြောင့် စေတီတော်ကြီး၏ ထီးတော်မှ မြေခခဲ့သည့် အစိတ်အပိုင်းများ၊ ငလျင်ဒဏ်ကြောင့် စေတီတော်ကြီး၏ ထီးတော် အနည်းငယ်တိမ်းစောင်းနေမှု၊ စေတီတော်ကြီး အနည်းငယ်ကွဲအက်ပျက်စီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာ လာရောက်ဖူးမြော်နိုင်ရန်အတွက် ပြုပြင်ခြင်းလုပ်ငန်းများကို ရှေးမူမပျက် အမြန်ဆုံး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂန္ဓဝင်ကိုးခန်းသိမ်တော်ကြီး၌ ရတနာဂုဏ်မြင့်ကျောင်း ရွှေလင်းယုန်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရဝိန္ဒာဘိဝံသ အမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီတော်များအတွက် အလှူရှင်များ ရှိပြီးဖြစ်သဖြင့် ပြန်လည်ပြုပြရာတွင် ရှေးမူမပျက် မူလလက်ရာအတိုင်း ပိုမိုခိုင်ခံ့မှုရှိစေရန်အတွက် လိုအပ်သည့် နည်းပညာအကူညီများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများကို လျှောက်ထားရာ ကြာနီကန်စာသင်တိုက်မှ နိုင်ငံတော်ဩဝါဒစရိယ မဟာဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ သူရိယ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြုံတွေ့ခဲ့ရသည့် ကပ်ရောဂါ နှင့် သဘာဝဘေးန္တရာယ်များကို သဒ္ဓါ၊ သတိ၊ ပညာ ၊ဝိရိယ၊ ပညာ ယှဉ်၍ အောင်မြင်စွာ ကျော်လွှားနိုင်ပါကြောင်း၊ အောင်မြင်နိုင်ရန်လည်း ယုံကြည်ချက်ရှိရှိဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဩဝါဒမိန့်ကြားရာ ဒုတိယဝန်ကြီးချုပ်က ယခုဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်နှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် အခြား သာသနာဆိုင်ရာကိစ္စရပ်များကို ထပ်မံလျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ငူတက္ကသိုလ်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကြောင့် Main Structure တိုင်များမှ ကွန်ကရစ်များ ကြွေမွ၍ သံချောင်းများ ကွေးညွှတ်ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရာမည (၃) ထပ် စာသင်ဆောင်နှင့် မြေညီထပ် စာဖတ်ခန်းရှိ ကြမ်းခင်းများနှင့် အုတ်နံရံများ ကွဲကျပျက်စီးခဲ့သည့် စာကြည့်တိုက်တို့ကိုလည်းကောင်း၊ စက်မှုလက်မှုသိပ္ပံ (တောင်ငူ) တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းသား ကျောင်းသူ အဆောင်များ၊ ဝန်ထမ်းအိမ်ရာများကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ၏ ကြံ့ခိုင်မှုအခြေအနေများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များပါဝင်သော အဖွဲ့နှင့် စစ်ဆေး၍ ပြန်လည်တည်ဆောက်ရမည့် အဆောက်အဦများကို အမြန်ဆုံးပြန်လည်တည်ဆောက်သွားရန်၊ ဖြိုချဖျက်ဆီးသွားရမည့် အဆောက်အဦးများကိုလည် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြိုချဖျက်ဆီးရန်၊ ပျက်စီးသွားခဲ့သည့် အဆောက်အဦများအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံနှင့် ၁၆၅ မိုင် ၃ ဖာလုံကြားရှိ ဆွာချောင်းတံတား ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့မှု အခြေအနေများ၊ အသွားလမ်း ပေ (၈၁၀) ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ ၂ လွှာ ၁ ထပ် ယာယီဘေလီတံတား ပေ (၁၉၀) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပေ (၄၀) ၃ လွှာ ၃ ထပ် ဘေလီငြမ်းထောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါဆွာချောင်းတံတား ငလျင်ဒဏ်ကြောင့် ပျက်စီးမှုခဲ့များအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅ တန်အောက် ယာဉ်များသာ သွားလာနိုင်သော်လည်း ဧပြီ ၉ ရက်မှ စတင်၍ တန် ၂၀ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent