ထိပ်တန်းအသင်းဖြစ်လိုပါက အသင်းရှိကစားသမားများကို ရောင်းထုတ်ရန် ကြောက်မနေသင့်ကြောင်း အက်စတွန်ဗီလာအားကစားဒါရိုက်တာ မွန်ချီ ပြောကြား

ထိပ်တန်းအသင်းဖြစ်လိုပါက အသင်းရှိကစားသမားများကို ရောင်းထုတ်ရန် ကြောက်မနေသင့်ကြောင်း အက်စတွန်ဗီလာအားကစားဒါရိုက်တာ မွန်ချီ ပြောကြား
Photo: Reuters
Photo: Reuters
Published 12 September 2024

 

အက်စတွန်ဗီလာအားကစားဒါရိုက်တာ မွန်ချီက မိမိတုုိ့အသင်းအနေဖြင့် ထိပ်တန်းအသင်းကြီး ဖြစ်လိုပါက အသင်းရှိကစားသမားများကို ရောင်းထုတ်ရန် ကြောက်ရွံမနေသင့်ကြောင်း ပြောကြားခဲ့သည်။ 

UEFA နှင့် ပရီးမီးယားလိဂ်တို့၏ ဘဏ္ဍာရေးစည်းမျဉ်းများကြောင့် ဝင်ငွေနည်းပါးသည့် အက်စတွန်ဗီလာ အသင်းအနေဖြင့် အပြောင်းအရွှေ့စျေးကွက်များတွင် ထိပ်တန်းကစားသမားများ ခေါ်ယူရန် ရုန်းကန်ရလေ့ရှိကြောင်း သိရှိရသည်။ 

ထို့ကြောင့် အက်စတွန်ဗီလာအားကစားဒါရိုက်တာ မွန်ချီက ၎င်းတို့အသင်းအနေဖြင့် အသင်းဝင်ငွေအတွက် အသင်းရှိကစားသမားများကို ရောင်းထုတ်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မွန်ချီက "ကျွန်တော်တို့ ထိပ်တန်းအသင်းဖြစ်ချင်တယ်ဆိုရင် ကစားသမားတွေကို ရောင်းချဖို့ လိုအပ်ပါတယ်။ ဒါက (၁၀၀) ရာခိုင်နှုန်းသေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝင်ငွေနည်းပါးလို့ အနာဂတ်မှာ ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုပါတယ်။ ဗလင်စီယာနဲ့ ဆီဗီလာမှာ ကျွန်တော် အလုပ်လုပ်တုန်းကလည်း အသင်းကစားသမားတွေကို ရောင်းချပြီး အသင်းရဲ့အဆင့်အတန်းကို မြှင့်တင်ခဲ့တာပါ။ အရေးကြီးတာက ကစားသမား ရောင်းချတာမဟုတ်ဘဲ ကစားသမားကောင်းတွေကို ခေါ်တာဖြစ်ပါတယ်။ မန်စီးတီးနဲ့ ရီးယဲလ်တို့လည်း ကစားသမားတွေ ရောင်းတာပါပဲ။ ကစားသမားရောင်းချတာကို ကြောက်စရာမလိုဘဲ ကစားသမားကောင်းတွေ ပြန်ခေါ်ဖို့ပဲ လိုတာပါ"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent