မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း အီစိုးကို ရန်ကုန်ယူနိုက်တက်အသင်း ယခုရာသီကုန်အထိ ပြန်လည်ခေါ်ယူခဲ့

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း အီစိုးကို ရန်ကုန်ယူနိုက်တက်အသင်း ယခုရာသီကုန်အထိ ပြန်လည်ခေါ်ယူခဲ့
Photo: Yangon United Football Club
Photo: Yangon United Football Club
Published 9 September 2024

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း အီစိုးကို ယခု ၂၀၂၄- ၂၀၂၅ ရာသီကုန်အထိ ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်စက်တင်ဘာ ၇ ရက်က ကစားသမားမိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး အီစိုးမှာ ယခင် ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၂၇ ကိုပင် ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အီစိုးသည် မနောမြေလူငယ်အသင်း(ယခု ကချင်ယူနိုက်တက်) မှ ထွက်ပေါ်လာသူဖြစ်သော်လည်း ရန်ကုန်ယူနိုက်တက်လူငယ်အသင်းတွင် အောင်မြင်လာသူဖြစ်ပြီး ရန်ကုန်ယူနိုက်တက်စီနီယာအသင်းကြီးနှင့်အတူ ၂၀၁၈ ကွင်းဖွင့်ဖ လား၊ ၂၀၁၈ MNL အမှတ်ပေးလိဂ်ဖလား၊ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ၊ ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုများ ရယူပေးထားခဲ့သူဖြစ်သည်။

အီစိုးသည် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများနှင့် မြန်မာ့လက်ရွေးစင် စီနီယာအသင်းကြီးတို့တွင် ပါဝင်ကစားခဲ့သူဖြစ်သည်။

အီစိုးသည် ၂၀၂၂ ခုနှစ်မှစ၍ ပြည်ပထွက်ကစားခဲ့ပြီး ၂၀၂၂ ရာသီတွင် လာအိုကလပ် Young Elephant အသင်း၊ ၂၀၂၃- ၂၀၂၄ ရာသီတွင် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်းတို့တွင် သွားရောက်ကစားသည်။

အီစိုးသည် ပြီးခဲ့သည့်ရာသီကုန်တွင် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်း နှင့် စာချုပ်သက်တမ်းကုန်သွားပြီဖြစ်သောကြောင့် ယခုရာသီတွင် အသင်းဟောင်း ရန်ကုန်ယူနိုက်တက်အသင်းထံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

အီစိုးက ''ကျွန်တော့်ရဲ့မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာသလိုပါပဲ။ ကျွန်တော့်ကို အသင်းက ပြန်လည်ကြိုဆိုတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အသင်းက ညီအစ်ကိုတွေနဲ့ အသင်းရဲ့လိုဂိုအောက်မှာ အလုပ်အတူတူပြန်လုပ်ခွင့်ရတော့မှာကြောင့် ပီတိဖြစ်ရတဲ့အပြင် အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ'' ဟု ပြောကြားသည်။

အီစိုးသည် ရန်ကုန်ယူနိုက်တက်အသင်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာလကြာရှည်ကစားခဲ့သူဖြစ်ပြီး အသင်းအတွက် စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့သူလည်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုရာသီ  MNL ပြိုင်ပွဲတွင် ၉ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၃ မှတ် ရရှိထားသည်။

Most Read

Most Recent