UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 9 September 2024

ပြင်သစ် နှင့် ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အီတလီကို အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ်အသင်း ဖိအားဝင်သွားပါပြီ။ ပွဲစစချင်းမှာ ဦးဆောင်ဂိုးရခဲ့ပေမဲ့ ဂိုးတွေပြန်ပေးခဲ့ရတာက စိတ်ပျက်စရာပါပဲ။ ဘယ်လ်ဂျီယံကတော့ အကျဘက်ယိုင်လာပေမဲ့ ၀ါရင့်ကစားသမားတွေက ကျားကန်ပေးထားနိုင်ပြီး ဒီဘရိုင်းနား၊ တီလေမန်းစ်တို့ရဲ့ဂိုးတွေနဲ့ အစ္စရေးကို ဂိုးပြတ်အနိုင်ယူခဲ့တယ်။ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပူပူနွေးနွေးရင်ဆိုင်ထားရပြီး ဗာတွန်ဂန်ရဲ့ Own Goal ကြောင့် ပြင်သစ်အသင်း အနိုင်ရထားတယ်။ အဲဒီပွဲမှာ ဘယ်လ်ဂျီယံက ရှုံးနိမ့်ပေမဲ့ ပြင်သစ်ကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ လက်ရှိအနေအထားအရလည်း ပြင်သစ်က သာပေမဲ့ အများကြီးခြေကွာနေတာ မဟုတ်ဘူး။ ဘယ်လ်ဂျီယံကို ပိုကြိုက်တယ်။ 

အစ္စရေး နှင့် အီတလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အုပ်စုတွင်း အားအကောင်းဆုံးဖြစ်တဲ့ ပြင်သစ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အီတလီရဲ့ခြေစွမ်းက ချီးကျူးစရာပါ။ အီတလီအသင်းက ဂိုးပြတ်နိုင်ပွဲအပြင် ဂိုးကန်သွင်းခွင့်ပါ နှစ်ဆလောက် အသာရခဲ့တာပါ။ ဒီနိုင်ပွဲက အီတလီရဲ့စိတ်ဓာတ်အင်အားကို နောက်တစ်ဆင့်အထိ ဆွဲတင်ပေးနိုင်ဖို့ မျှော်လင့်ရတယ်။ အစ္စရေးကတော့ အသင်းကြီးတွေကို ယှဉ်ကစားနိုင်စွမ်းမရှိပါဘူး။ နိုင်ငံရေးအခြေအနေကြောင့် ဒီပွဲကိုလည်း အိမ်ကွင်းကစားခွင့်မရဘဲ ကြားကွင်းဖြစ်တဲ့ ဟန်ဂေရီနိုင်ငံမှာ ကစားရတာဖြစ်လို့ အိမ်ကွင်းအားသာချက်မရှိပါဘူး။ ခြေစွမ်းရော စိတ်ဓာတ်ပါ အားသာနေတဲ့ အီတလီအသင်း နိုင်ပွဲဆက်လိမ့်မယ်။ 

နော်ဝေ နှင့် သြစတြီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

နော်ဝေမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့ ပြောလို့ရတဲ့ အာလင်းဟာလန်းအပြင်၊ အာဆင်နယ်အသင်းခေါင်းဆောင်နဲ့ လက်ရွေးစင်အသင်းခေါင်းဆောင် အော်ဒီဂွါ၊ တခြားထိပ်တန်းကစားသမားတွေအများကြီးရှိတယ်။ ဒါပေမဲ့ ကာဇက်စတန်နဲ့ပွဲမှာတော့ ဟာလန်းရော အော်ဒီဂွါပါ ခြေစွမ်းမပြနိုင်ခဲ့ကြဘူး။ သြစတြီးယားက အသင်းလိုက်ပိုကောင်းတဲ့အသင်းပါ။ ဒီပွဲက သြစတြီးယား ခြေသာပေမဲ့ သရေကျနိုင်တယ်။ 

Most Read

Most Recent