ရှမ်းအသင်းနည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ဟီရိုကိုပြောင်းလဲခဲ့သဖြင့် ဦးမျိုးလှိုင်ဝင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်လာရန်သေချာသလောက်ရှိနေ

ရှမ်းအသင်းနည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ဟီရိုကိုပြောင်းလဲခဲ့သဖြင့် ဦးမျိုးလှိုင်ဝင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်လာရန်သေချာသလောက်ရှိနေ
Published 9 September 2024

 

စက်တင်ဘာ (၈)ရက်က ယှဉ်ပြိုင်ကစားသည့် MNL ပွဲစဉ် (၉) ဖြစ်သော ဧရာဝတီယူနိုက်တက်အသင်းနှင့် အဝေးကွင်းပွဲတွင် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်သစ်အဖြစ် ဂျပန်နိုင်ငံသား ဟီရို တာဝန်ယူကိုင်တွယ်ပြီးနောက် ယခင်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်လာရန် သေချာသလောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ဦးမျိုးလှိုင်ဝင်းကို ယခုနှစ်ဆန်းပိုင်းတွင် (၅)နှစ်စာချုပ်ဖြင့် ကာလရှည်ချုပ်ဆို ထားသော်လည်း MNL ပွဲစဉ် (၉) မစတင်မီ နည်းပြချုပ် နေရာ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည့် ဂျပန်နိုင်ငံသား ဟီရိုကို နည်းပြချုပ် အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်လတွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဂျာမနီနိုင်ငံသားနည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာနှင့် လမ်းခွဲပြီးနောက် နည်းပြချုပ်သစ် ရှာဖွေနေခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  ရှမ်းယူနိုက်တက်အသင်းတို့အနေဖြင့် စက်တင်ဘာ (၈)ရက်ညပိုင်းအထိ နည်းပြကိစ္စနှင့်ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက် အသင်းပွဲတွင် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်နေရာ၌ ဦးမျိုးလှိုင်ဝင်းအစား ဟီရိုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ဦးမျိုးလှိုင်ဝင်းသည် ရှမ်းယူနိုက်တက်အသင်းကို ပထမဆုံးကိုင်တွယ်သည့် MNL League Cup ပြိုင်ပွဲတွင် ချန်ပီယံ ဆုရယူပေးနိုင်ခဲ့သလို လက်ရှိကျင်းပနေသည့် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) အပြီးတွင်လည်း ဇယားထိပ်ဆုံးနေရာ ပို့ဆောင်ပေးထားသဖြင့် လမ်းခွဲဖွယ်မရှိဘဲ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်း တစ်သင်းသင်းအတွက် ကမ်းလှမ်းမှုရရှိမှသာ ရှမ်းယူနိုက်တက် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာ့ဘောလုံး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် နည်းပြများကို လမ်းခွဲပေးခြင်းဖြစ်သည်။ 

ရှမ်းယူနိုက်တက် အသင်းသည် ဦးမျိုးလှိုင်ဝင်းမတိုင်မီက နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးအောင်နိုင်ကိုလည်း မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းအတွက် ကမ်းလှမ်းမှုရလာသဖြင့် အသင်းမှ ထွက်ခွာခွင့်ပြုခဲ့ဖူးကြောင်း သိရသည်။ ထို့ကြောင့် ဦးမျိုးလှိုင်ဝင်းမှာလည်း လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်နေရာအတွက် ကမ်းလှမ်းမှုရလာသဖြင့် ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူများက ထွက်ခွာခွင့်ပြုခဲ့ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဒီဇင်ဘာတွင် Asean Cup 2024 ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောက်တိုဘာ နှင့် နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုုံးအဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ခန့်အပ်မှုနှင့်ပတ်သက်၍ ယခုလအတွင်း သတင်းထုတ်ပြန် ဖွယ်ရှိနေပြီး ယခင်နည်းပြချုပ်ဟောင်း ဖိုက်ရှ်အွန်ဘိုင်နာ နှင့်လမ်းခွဲသည့် သတင်းကိုလည်း ရက်သတ္တပတ်အတန် ကြာသည့်အထိ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent