တောင်ကိုရီးယားနှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်မည်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု

တောင်ကိုရီးယားနှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်မည်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု
စက်တင်ဘာ ၆ ရက်က ဆိုးလ်မြို့ရှိ တောင်ကိုရီးယားသမ္မတရုံး၌ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို(ယာ)နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ဝဲ)တို့ တွေ့ဆုံစဉ်(Photo:AFP)
စက်တင်ဘာ ၆ ရက်က ဆိုးလ်မြို့ရှိ တောင်ကိုရီးယားသမ္မတရုံး၌ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို(ယာ)နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ဝဲ)တို့ တွေ့ဆုံစဉ်(Photo:AFP)
Published 8 September 2024

ရာထူးမှအနားယူတော့မည့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒသည် စက်တင်ဘာ ၆ ရက်က တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုနှင့် တွေ့ဆုံခဲ့ပြီး အပြီးသတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ၎င်းရာထူးမှ အနားမယူမီ တောင်ကိုရီယားနှင့် ဆက်ဆံရေးတိုးတက်အောင် အခိုင်အမာလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ အဓိက လုံခြုံရေးမဟာမိတ်များဖြစ်သည့် အရှေ့အာရှ အိမ်နီးချင်းများဖြစ်သော ဂျပန်နှင့် တောင်ကို ရီးယားတို့သည် ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခု နှစ်အထိ လိင်ကျွန်ပြုခြင်းနှင့် အဓမ္မအလုပ်စေခိုင်းခြင်း အပါအဝင် ကိုရီးယားကျွန်းဆွယ် အား ကိုလိုနီအဖြစ်  ဂျပန်က ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ကာလကြာမြင့်စွာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ကြီးထွားလာစဉ် တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယိုက ဂျပန်နိုင်ငံနှင့် ဆက် ဆံရေး ပြန်လည်ချိန်ညှိရေးကို အဓိကဦးစားပေးအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားသမ္မတအဖြစ် တိုကျိုသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ကာ နှစ်နိုင်ငံအကြား လွန်းပြန်ယာဉ် သံခင်းတမန်ခင်းနည်းလမ်းကို ပြန်လည်ကျင့်သုံးခဲ့သည်။

“မိမိတို့နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ယုံကြည်မှုအပေါ် အခြေခံပြီး တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ အတွင်းမှာ သိသိသာသာ တိုးတက်ခဲ့တယ်”ဟု ယွန်းက ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့သည်။

“တောင်ကိုရီယား-ဂျပန်ဆက်ဆံရေးမှာ ခက်ခဲတဲ့ ပြဿနာတွေရှိနေတုန်းပါပဲ။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကာလကို ရှေးရှုပြီး ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ရှေ့ဆက်နိုင်ဖို့ ရှေ့အနာဂတ်ကို မျှော်ကြည့်တဲ့ပုံစံနဲ့ အတူတကွ အလုပ်လုပ်သွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟုလည်း ယွန်းက ဆိုသည်။

ကိရှိဒကလည်း  လူပေါင်းများစွာ အလွန်ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအောက်မှာ ဝမ်းနည်းခက်ခဲဖွယ် အချိန်ကာလတွေကို ကြုံတွေ့ခဲ့ရတာကို တွေးမိတိုင်း နာကျင်ခံစားမိကြောင်း သမိုင်းကြောင်းဆိုင်ရာ ကိစ္စရပ်များကို ရည်ညွှန်းပြောဆိုခဲ့သည်။

“နှစ်နိုင်ငံလုံးမှာ အတိတ်သမိုင်းကြောင်းရှိပေမဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ကျော်လွှားနိုင်ခဲ့တဲ့ ဘိုးဘေးတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို လက်ဆင့်ကမ်း အမွေဆက်ခံရင်း အနာဂတ်ကာလကို ရည်မှန်းပြီး တောင်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်သွား ဖို့က သိပ်ကိုအရေးကြီးတယ်”ဟု ကိရှိဒက ဆိုသည်။

နောက်တက်မည့် ဂျပန်ဝန်ကြီးချုပ်က မည်သူပင်ဖြစ်စေကာမူ တောင်ကိုရီးယား-ဂျ ပန်ဆက်ဆံရေ၏ အရေးပါမှုကို ခေါင်းဆောင် နှစ်ဦးက ထပ်လောင်းအတည်ပြုခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး ကင်ထယ်ဟိုက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်နှစ်ဦးအကြား ၁၂ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲသည် သိသာထင်ရှားသော တိုးတက်မှု ဖြစ်သည်ဟု ကျွမ်းကျင်သူအချို့က သုံးသပ်လျက်ရှိသည်။

ကိရှိဒက ၎င်းအနေဖြင့် တိုင်းပြည်အာဏာကို ကာလကြာမြင့်စွာ ရယူထားသော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်နေရာအတွက် ထပ်မံရွေး ကောက်ခံတော့မည်မဟုတ်ကြောင်း ကြေညာထားသည်။

Ref:AFP

               

Most Read

Most Recent