ဟော်မုဇ်ရေလက်ကြား ပိတ်ထားသည့်အတွက် ယခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားလိမ့်မည်ဟု စင်ကာပူဝန်ကြီးချုပ် ပြောကြား

ဟော်မုဇ်ရေလက်ကြား ပိတ်ထားသည့်အတွက် ယခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားလိမ့်မည်ဟု စင်ကာပူဝန်ကြီးချုပ် ပြောကြား
Published 1 May 2026
Ref;AFP

အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ထားရသည့်အတွက် ယခုနှစ်အတွင်းစင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားမည်ဖြစ်ပြီး အချို့နိုင်ငံများသည် စီးပွားရေးကျဆင်းမှုအတွင်းသို့ ရောက်ရှိသွားနိုင်ကြောင်း စင်ကာပူဝန်ကြီးချုပ် လောရန့်စ်ဝေါင်က မေ ၁ ရက်တွင် သတိပေးပြောကြားခဲ့သည်။

မေ ၁ ရက်တွင် ကျရောက်သည့် အလုပ်သမားနေ့ မိန့်ခွန်းတွင် ဝေါင်က အီရန်စစ်ပွဲသည် မကြာမီကာလအတွင်း ပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားကြောင်းနှင့် လာမည့်လများတွင် ကုန်ပစ္စည်းထောက်ပံ့မှုပြတ် တောက်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြောဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ ရေလက်ကြားမှတစ်ဆင့် သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုများသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့ပြီးကတည်းက ရပ်တန့်သွားခဲ့သည်။

“ဒီမှာရှိတဲ့ အာရှနိုင်ငံတွေအနေနဲ့ ပင်လယ်ကွေ့ဒေသက စွမ်းအင်နဲ့ တခြားအရေးကြီးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေအပေါ် အလွန်အမင်း မှီခိုနေရတဲ့အတွက် ကျွန်တော်တို့ ပိုပြီးတော့ ထိခိုက်ခံစားရပါတယ်” ဟု ဝေါင်က ပြောကြားခဲ့သည်။

ဒေသတွင်းရှိ အချို့သောနိုင်ငံများသည် လောင်စာဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်ကာ လေကြောင်းလိုင်းများက ခရီးစဉ်များကို လျှော့ချထားရပြီး စက်ရုံများတွင်လည်း လုပ်ငန်းကြန့်ကြာမှုများ ရှိနေကြောင်း သတင်းပို့လာကြသည်ဟု ၎င်းက ဆိုသည်။

“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ငွေကြေးဖောင်းပွမှုဟာ စွမ်းအင်ကဏ္ဍကနေ အစားအစာနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေဆီ ကူးစက်လာပါလိမ့်မယ်။ တချို့စီးပွားရေးစနစ်တွေဟာ စီးပွားရေးကျဆင်းမှုထဲကို သက်ဆင်းသွားနိုင်ပြီး စင်ကာပူအနေနဲ့လည်း အဲဒီသက်ရောက်မှုကို တိုက်ရိုက်ခံစားရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးတိုးတက်မှုဟာ ဒီနှစ်မှာ နှေးကွေးသွားမှာဖြစ်သလို ငွေကြေးဖောင်းပွမှုကလည်း ပိုမြင့်လာမှာပါ။ ဒါတွေအားလုံးဟာ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေနဲ့ အိမ်ထောင်စုတွေအပေါ် တကယ့်ကို ဖိအားဖြစ်စေပါလိမ့်မယ်” ဟု ဝေါင်က ပြောကြားခဲ့သည်။

သူသည် ကိန်းဂဏန်းအသေးစိတ်ကို ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည့် စီးပွားရေးခန့်မှန်းချက်တွင် ယခင်က တွက်ချက်ထားသော ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအစား၊ ယခုနှစ်တွင် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားခဲ့သည်။

“ကျွန်တော်တို့တွေဟာ ပိုမိုခက်ခဲတဲ့ ကာလတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားကြရပါမယ်။ အားလုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေစေဖို့အတွက် ကျွန်တော်က ပွင့်ပွင့်လင်းလင်း ကြိုပြောထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်သွားလျှင်ပင် ပုံမှန်အခြေအနေသို့ ချက်ချင်းပြန်ရောက်လာလိမ့်မည် မဟုတ်ကြောင်း ဝေါင်က သတိပေးခဲ့သည်။

“ဆိပ်ကမ်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားပါပြီ။ သင်္ဘောလမ်းကြောင်းတွေပေါ်မှာရှိတဲ့ မိုင်းတွေကိုလည်း ရှင်းလင်းရဦးးမှာပါ။ သင်္ဘောတွေ ဖြတ်သန်းသွားလာဖို့ ဘေးကင်းပြီး အာမခံရှိပြီဆိုတဲ့ ယုံကြည်မှု ပြန်လည်ရရှိလာဖို့ လိုအပ်သလို လူတွေကလည်း အဲဒီရေလက်ကြားကို ဖြတ်သန်းသွားလာဖို့အတွက် အသင့်ဖြစ်နေဖို့ လိုပါတယ်” ဟု ဝေါင်က ပြောကြားခဲ့သည်။

 

Most Read

Most Recent