သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် မြေတုပ်ကွေးရောဂါ ကူးစက်မှုအပေါ် ထိုင်းအစိုးရ သတိပေး

သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် မြေတုပ်ကွေးရောဂါ ကူးစက်မှုအပေါ် ထိုင်းအစိုးရ သတိပေး
အမေရိကန် CDC  မှ ထုတ်ပြန်သည့် Petri Plate အတွင်း မွေးမြူထားသော Burkholderia pseudomallei ဘက်တီးရီးယား အစုအဖွဲ့များကို တွေ့ရစဉ်
အမေရိကန် CDC မှ ထုတ်ပြန်သည့် Petri Plate အတွင်း မွေးမြူထားသော Burkholderia pseudomallei ဘက်တီးရီးယား အစုအဖွဲ့များကို တွေ့ရစဉ်
Published 19 April 2026

ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များသည် မြေတုပ်ကွေးဟု အများသိကြသည့် Melioidosis ရောဂါကူးစက်မှု သိသိသာသာ မြင့်တက်လာပြီးနောက် အရေးပေါ်သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယခုနှစ်စမှစ၍ သေဆုံးသူ ၂၃ ဦးအထိ ရှိလာခဲ့ရာ အစိုးရအနေဖြင့် ပြည်သူများ အထူးသဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်နေသူများကို အဆိုပါ ဘက်တီးရီးယားကူးစက်ရောဂါနှင့် ပတ်သက်၍ အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်နေ့တွင် အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါပယ် ရစ်ဗီဝတ်ထနာက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ကြေညာခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၇၃၂ ဦး ရှိခဲ့ပြီ ဖြစ်သည်။

ဒေသတွင်း သက်ရောက်မှုအနေဖြင့် အရှေ့မြောက်ပိုင်းတွင် အဆိုးရွားဆုံး ဖြစ်ပွားနေသည်။

ခွန်ကန်မြို့ရှိ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးရုံး ၇ ၏ အဆိုအရ င်းတို့၏ ကျန်းမာရေးနယ်မြေအတွင်း ကူးစက်သူ ၆၈ ဦးနှင့်သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်း သိရသည်။

အချက်အလက်များအရ အသက် ၅၀ နှင့် အထက်ရှိသူများသည် ရောဂါကူးစက်ခံရရန် အလားအလာ အများဆုံးဖြစ်ကြောင်း ဖော်ပြနေသည်။

Melioidosis ရောဂါသည် မြေဆီလွှာ နှင့် ရေဝပ်နေသော နေရာများတွင် တွေ့ရသည့် Burkholderia pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

ညစ်ညမ်းသော မြေကြီး၊ ရေတို့နှင့် အရေပြားပေါ်ရှိ ဒဏ်ရာများ တိုက်ရိုက်ထိတွေ့မိခြင်း၊ ဘက်တီးရီးယားများ ပါဝင်နေသော ဖုန်မှုန့် သို့မဟုတ် ရေစက်ကလေးများကို ရှူမိခြင်း၊ ရောဂါပိုးပါဝင်သော ရေ သို့မဟုတ် အစားအစာများကို စားသောက်မိခြင်းတို့ဖြင့် ရောဂါပိုးသည် ခန္ဓာကိုယ်အတွင်းသို့ အဓိက လမ်းကြောင်းသုံး သွယ်ဖြင့် ကူးစက်ဝင်ရောက် နိုင်သည်။

ရောဂါ၏ လက္ခဏာရပ်များသည် သာမန်အအေးမိခြင်း သို့မဟုတ် တုပ်ကွေးမိခြင်းတို့နှင့် ဆင်တူသဖြင့် မှားယွင်းတတ်သည်။

ရောဂါလက္ခဏာများမှာ ပြင်းထန်သော အဖျားတက်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့မှသည် နာတာရှည် ပြည်တည်နာများနှင့် အရေပြားပိုးဝင်ခြင်းများအထိ ဖြစ်ပွားနိုင်ပါသည်။

ပြင်းထန်သော အခြေအနေများတွင် ဘက်တီးရီးယားများသည် သွေးကြောအတွင်းသို့ ရောက်ရှိသွားပြီး သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

ယင်းမှာ အသက်အန္တရာယ်ကို လွန်စွာစိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး ယခုဖြစ်ပွားနေသော ကူးစက်မှုတွင် သေဆုံးမှုနှုန်း မြင့်မားနေရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်အတွင်း သို့မဟုတ် မြေကြီး၊ ရေတို့နှင့် ထိတွေ့ရမည့် အခြေအနေများတွင် ဖိနပ်အရှည်နှင့် လက်အိတ်များ ဝတ်ဆင်ခြင်းဖြင့် ကြိုတင်ကာကွယ်ကြရန် ထိုင်းအာဏာပိုင်များက တိုက်တွန်းနှိုးဆော်ထားသည်။

Ref:The Nation

                                           

 

 

 

Most Read

Most Recent