အီရန်ဆိပ်ကမ်းများကို အမေရိကန်၏ပိတ်ဆို့မှုသည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ ပြောကြား

အီရန်ဆိပ်ကမ်းများကို အမေရိကန်၏ပိတ်ဆို့မှုသည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ ပြောကြား
Published 1 May 2026
Ref:AFP

အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားခြင်းသည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ဆိပ်ကမ်းများကို အမေရိကန် ရေတပ်၏ ပိတ်ဆို့မှုသည် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သဖြင့် ရေနံစျေးနှုန်းများမှာ လေးနှစ်ကျော်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးနောက် အီရန်သမ္မတ၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်နှင့် အမေရိကန်ကြား သံတမန်ရေးအရ ဆွေးနွေးမှုများမှာ အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ မတိုးသာ၊ မဆုတ်သာအခြေအနေဖြစ်နေချိန်တွင် ထရန့်သည် ဧပြီ ၂၉ ရက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်။

အကယ်၍ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲပြန်စမည်ဆိုပါက ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များရှိလာနိုင်ကြောင်း ပူတင်က ထရန့်ကို သတိပေးခဲ့သည်။

အီရန်သမ္မတ ပီဇက်ရှ်ကီယန်ကမူ အီရန်ဆိပ်ကမ်းများအား အမေရိကန်ရေတပ်က ပိတ်ဆို့ထားခြင်းသည် ပင်လယ်ကွေ့ဒေသအတွင်း အနှောင့်အယှက်များကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး အမေရိကန်၏ရည်မှန်းချက်များ အောင်မြင်မည်မဟုတ်ကြောင်း ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်းအရ ပိတ်ဆို့မှု သို့မဟုတ် ကန့်သတ်မှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေပြီး ကျရှုံးလိမ့်မည်ဖြစ်ကြောင်း ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။

ထိုသို့သော အစီအမံများသည် ဒေသတွင်းလုံခြုံရေးကို မြှင့်တင်ပေးနိုင်မည်မဟုတ် ရုံမျှမက၊ အမှန်စင်စစ်တွင် ပါရှန်းပင်လယ်ကွေ့၏ ရေရှည်တည်ငြိမ်မှုကို ပျက်ပြားစေပြီး တင်းမာမှုများ ဖြစ်ပေါ်စေသည့် အရင်းအမြစ်သာဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အပစ်အခတ်ရပ်စဲပြီး ရက်ပိုင်းအကြာ ဧပြီ ၁၃ ရက်နေ့တွင် အီရန်၏ ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းများကို ရေတပ်ဖြင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

အီရန်စစ်တပ်ကမူ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားဆဲဖြစ်သည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် မိုဂျ်တာဘာခါမေနီ၏ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကလည်း အမေရိကန်အနေဖြင့် အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားပါက အီရန်အနေဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုကို သည်းခံမှာ မဟုတ်ပါဘူး။ ဆက်ပြီး ပိတ်ဆိို့ထားမယ်ဆိုရင် အီရန်ဘက်က တုံ့ပြန်သွားမှာပါ” ဟု မိုဂျ်တာဘာ၏ အကြံပေးပုဂ္ဂိုလ် မိုဆန်ရီဇာအီက ဧပြီ ၂၉ ရက်တွင် နိုင်ငံပိုင်ရုပ်သံကို ပြောကြားခဲ့သည်။

 

Most Read

Most Recent