ကွန်ဂို၌ mpox ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို အောက်တိုဘာ ၂ ရက်တွင် စတင်မည်

ကွန်ဂို၌ mpox ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကို အောက်တိုဘာ ၂ ရက်တွင် စတင်မည်
သြဂုတ် ၁၉ ရက်က ကွန်ဂိုနိုင်ငံ မူနီဂီမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက mpox လူနာတစ်ဦးကို ကုသပေးနေစဉ်(Photo:AP)
သြဂုတ် ၁၉ ရက်က ကွန်ဂိုနိုင်ငံ မူနီဂီမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက mpox လူနာတစ်ဦးကို ကုသပေးနေစဉ်(Photo:AP)
Published 8 September 2024

ကွန်ဂိုနိုင်ငံတွင် mpox ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမည့်အစီအစဉ်ကို အောက် တိုဘာ ၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့ပြီး ရောဂါကူးစက်မှုအများဆုံးဖြစ်နေသည့် ပြည်နယ်များကို ဦးစားပေး ထိုးနှံပေးသွားမည်ဟု ဆိုသည်။

အီကွေတာ၊ တောင်ကီဗူးနှင့် ဆန်ကူရူ ပြည်နယ်များကို ကာကွယ်ဆေးများအရင်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကွန်ဂို၏ မျောက်ကျော် တုံ့ပြန်ရေးကော်မတီမှ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ခရစ်ကာစီတာ အိုဆာကိုက အေပီသတင်းဌာနကို ပြောကြားခဲ့ သည်။

ယခုသီတင်းပတ်က mpox ရောဂါကာကွယ်ဆေးများ၏ ပထမအသုတ် ကာကွယ်ဆေးများသည် ရောဂါကူးစက်မှုဗဟိုချက်ဖြစ် သည့် ကွန်ဂိုနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဒိန်းမတ်နိုင်ငံ၏ Bavrian Nordic  ကုမ္ပဏီက ထုတ်လုပ်သည့် JYNNEOS ကာကွယ်ဆေးပုလင်း ၁၀၀၀၀၀ ကို ဥရောပသမဂ္ဂ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အေဂျင်စီ HERA မှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နောက်ထပ်ကာကွယ်ဆေးပုလင်း ၁၀၀၀၀၀ သည် စက်တင်ဘာ ၇ ရက် တွင်စတင်ရောက်ရှိခဲ့သည်။

ကွန်ဂိုတွင်ဖြစ်ပွားနေသည့် mpox ရောဂါကို အဆုံးသတ်ရန် ကာကွယ်ဆေးပုလင်း ၃ သန်းခန့်လိုအပ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သဖြင့် ယခုရောက်ရှိလာသည့် ကာကွယ်ဆေးပုလင်း ၂၀၀၀၀၀ သည် လိုအပ်သည့်ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါးသည့် ပမာဏဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကမူ ကာကွယ်ဆေးပုလင်းရေ ၅၀၀၀၀၀ ကျော် လှူဒါန်းမည်ဟု ပြောကြားထားသော်လည်း မည်သည့်အချိန်တွင် လှူဒါန်းမည်ဆိုခြင်းကို ရှင်းလင်းစွာမသိရသေးပေ။

၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းက အာဖရိကတိုက်တွင် mpox ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာပေါင်း ၅၅၄၉ ဦးရှိပြီး သေဆုံးသူ ၆၄၃ ဦးရှိခဲ့သည်။

ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူစုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းမှာ ကွန်ဂိုနိုင်ငံမှဖြစ်ပြီး ကွန်ဂိုပြီးလျှင် ဘူရန်ဒီနိုင်ငံသည် mpox ရောဂါကူးစက်မှု၊ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။

mpox ရောဂါ၏ လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများ နာ ကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာတတ်ပြီး မျက်နှာပေါ်မှ စတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များသည်။

ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလို ရှင်းလင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်ကြား ကြာမြင့်သည်။ mpox သည် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သည် ။

လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ အခြားသူတစ်ဦးနှင့် နီးကပ်စွာ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းတို့ အပါအဝင်ဖြစ်သည်။

အသစ်တွေ့ရှိခဲ့သည့် mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1b သည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပြီး သြဂုတ် ၁၄ ရက် တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။

Ref:AFP/AP

                                

Most Read

Most Recent