ပြက္ခဒိန်တစ်နှစ်အတွင်း နိုင်ပွဲအများဆုံးမှတ်တမ်းအား စပိန်အသင်းလိုက်မီခဲ့ပြီး နည်းပြဒယ်လာဖွန်တေနှင့် ကစားသမားအချို့ မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့

ပြက္ခဒိန်တစ်နှစ်အတွင်း နိုင်ပွဲအများဆုံးမှတ်တမ်းအား စပိန်အသင်းလိုက်မီခဲ့ပြီး နည်းပြဒယ်လာဖွန်တေနှင့် ကစားသမားအချို့ မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့
Photo: OneFootball
Photo: OneFootball
Published 9 September 2024

စက်တင်ဘာ (၉)ရက်နေ့ကယှဉ်ပြိုင်ခဲ့သည့် ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ League (A) အုပ်စုပွဲစဉ် (၂) ဆွစ်ဇာလန် (၁-၄) စပိန်ပွဲတွင် စပိန်လက်ရွေးစင်အသင်းသည် အသင်း၏ပြက္ခဒိန်တစ်နှစ်အတွင်း နိုင်ပွဲအများဆုံးစံချိန်အား တစ်ကျော့ပြန်လိုက်မီခဲ့ပြီး အသင်းနည်းပြ ဒယ်လာဖွန်တေနှင့်ကစားသမားအချို့လည်း စံချိန်မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

နည်းပြဒယ်လာဖွန်တေလက်အောက်တွင် ရလဒ်ကောင်းများဆက်တိုက်ရယူနေသည့် စပိန်လက်ရွေးစင်အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲစုံ နိုင်ငံတကာပွဲ (၁၃)ပွဲကစားရာတွင် (ခြေစမ်းပွဲ၊ ယူရို-၂၀၂၄ ပြိုင်ပွဲနှင့် UEFA Nations League) (၁၀)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁) ပွဲရှုံးရလဒ်ကိုရရှိခဲ့ခြင်းဖြစ်ပြီး အသင်း၏မှတ်တမ်းကောင်းတစ်ခုကို ပြန်လည်အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်လက်ရွေးစင်အသင်းသည် နောက်ဆုံး (၁၁)နှစ်အတွင်း အသင်း၏နိုင်ပွဲအများဆုံးရယူနိုင်မှုအဖြစ် နည်းပြဟောင်း အန်နရီကေးလက်ထက် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပွဲ (၁၈)ပွဲကစားရာ၌ (၁၀)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ပြက္ခဒိန်တစ်နှစ်အတွင်း နိုင်ပွဲအများဆုံးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိနည်းပြ ဒယ်လာဖွန်တေလက်ထက်တွင်မူ အန်နရီကေးလက်ထက်ကထက် (၅)ပွဲလျော့ကစားကာ အသင်း၏ပြက္ခဒိန်တစ်နှစ်အတွင်း နိုင်ပွဲအများဆုံးစံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ကစားမည့် နိုင်ငံတကာပွဲစဉ်များတွင် နိုင်ပွဲများထပ်မံရယူနိုင်ခဲ့ပါက စံချိန်မှတ်တမ်းသစ် တင်ရှိနိုင်မည်ဖြစ်သည်။

စပိန်လက်ရွေးစင်အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း ယူရို-၂၀၂၄ ချန်ပီယံဆုအား ရှုံးပွဲမရှိစံချိန်မှတ်တမ်းဖြင့် ရယူနိုင်ခဲ့သလို ယင်းပြိုင်ပွဲတစ်ခုတည်းတွင်ပင် နိုင်ပွဲ (၇)ပွဲအထိ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စပိန်အသင်းသည် နည်းပြဒယ်လာဖွန်တေလက်ထက် နောက်ဆုံးကစားသည့်ပြိုင်ပွဲစုံနိုင်ငံတကာပွဲ (၁၆)ပွဲဆက်တိုက် (၁၄ ပွဲနိုင်၊ ၂ ပွဲသရေ ခြေစမ်းပွဲများမပါဝင်) ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ဒဲလ်ဘော့စကေး (၂၀၁၃ ခုနှစ်၊ ၂၉ ပွဲကစား၊ ၂၄ ပွဲနိုင်၊ ၅  ပွဲသရေ)နောက်ပိုင်း နည်းပြတစ်ဦးအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မှုဖြစ်ကြောင်း သိရသည်။

ဆွစ်ဇာလန်နှင့်ပွဲစဉ်တွင် စပိန်အသင်းအတွက်သွင်း ဂိုး (၁)ဂိုးနှင့် ဂိုးဖန်တီးမှု (၁)ကြိမ်ပြုလုပ်ပေးခဲ့သည့် ဖယ်ရန်တောရက်စ်မှာလည်း Nations League ပြိုင်ပွဲသမိုင်းတစ်လျှောက် လူစားဝင်ကာ သွင်းဂိုးနှင့် ဂိုးဖန်တီးမှုပြုလုပ်နိုင်သည့် ပထမဆုံးစပိန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

စပိန်အသင်း၏ အဓိကတိုက်စစ်ကစားသမားအဖြစ်ခြေစွမ်းပြနေသည့် ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်မှာလည်း စပိန်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု (၁၂) ကြိမ် (၃ ဂိုးသွင်း၊ ၉ ဂိုးဖန်တီး)အထိရှိခဲ့ပြီး ဒယ်လာဖွန်တေလက်ထက်ပြိုင်ပွဲစုံတွင် နိုင်ငံတကာသွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံး စပိန်ကစားသမားအဖြစ် ရပ်တည်လျက်ရှိနေသည်။

Most Read

Most Recent