အီတလီနိုင်ငံတွင် အဓိကပြိုင်ပွဲကြီးများမရှိဘဲ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း အားကစားဝန်ကြီး ဝန်ခံ

အီတလီနိုင်ငံတွင် အဓိကပြိုင်ပွဲကြီးများမရှိဘဲ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း အားကစားဝန်ကြီး ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 8 August 2024

အီတလီအားကစားဝန်ကြီး အန်ဒရီယာအဘိုဒီက  အဓိကပြိုင်ပွဲကြီးများမရှိဘဲ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အီတလီနိုင်ငံတွင် ဘောလုံးကွင်းသစ်များ နောက်ဆုံးတည်ဆောက်ခဲ့သည်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကဖြစ်ပြီး လက်ရှိတွင် အချို့ဘောလုံးကွင်းများမှာ ဟောင်းနွမ်းပြီး ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း သိရသည်။

စီးရီးအေထိပ်တန်းအသင်းများဖြစ်သည့် အေစီမီလန်၊ အင်တာမီလန်၊ ရိုးမား၊ လာဇီယို၊ နာပိုလီနှင့် ဖီအိုရင်တီးနားအသင်းများသည် လက်ရှိအသုံးပြုနေသည့်ကွင်းများကို စွန့်ခွာကာ ကွင်းသစ်ဆောက်လုပ်ရန်စီစဉ်ခဲ့ကြသော်လည်း အီတလီအာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ယင်းအစီအစဉ်များကို ပိတ်ပင်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းအတွက် စီးရီးအေထိပ်တန်းအသင်းတာဝန်ရှိသူများမှာ ဒေါသထွက်နေကြပြီး အီတလီအစိုးရ၏လုပ်ရပ်အပေါ် မယုံနိုင်ဖြစ်နေကြကြောင်း သိရသည်။

ယခုအခါ il Sole 24 Ore သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အီတလီအားကစားဝန်ကြီး အဘိုဒီအား အဓိကပြိုင်ပွဲများမရှိဘဲ အီတလီတွင် ဘောလုံးကွင်းသစ်များတည်ဆောက်ရန် လုံးဝမဖြစ်နိုင်ဘူးလားဟု မေးမြန်းခဲ့ရာ ၎င်းက ရှက်စရာကောင်းသော်လည်း အမှန်တရားဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

အီတလီအသင်းသည် ယူရို ၂၀၃၂ ပြိုင်ပွဲကို တစ်နိုင်ငံတည်းအိမ်ရှင်အဖြစ် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဘောလုံးကွင်းများကို အာမခံချက် မပေးနိုင်သည့်အတွက် တူရကီနိုင်ငံနှင့် ပူးတွဲအိမ်ရှင်အဖြစ်  လက်ခံကျင်းပရန်သာ ရွေးချယ်ခဲ့ရကြောင်းလည်း သိရှိရသည်။

သို့သော် အီတလီနိုင်ငံအနေဖြင့် UEFA စစ်ဆေးမှု မတိုင်မီ ကွင်းအဆင်သင့်ဖြစ်ကြောင်း ပြသရန်ပင် အခက်တွေ့ရသည့်အတွက် အဘိုဒီလည်း ဒေါသထွက်လျက်ရှိနေသည်။

အဘိုဒီက ''ယူရို ၂၀၃၂ ပြိုင်ပွဲအတွက် ၂၀၂၆ အောက်တိုဘာမှာ ကွင်း (၅) ကွင်း ဒါမှမဟုတ် (၆)ကွင်းကို ကျွန်တော်တို့ သတ်မှတ်ရမယ်။ အဲဒီကွင်းတွေမှာ အလုပ်လုပ်နေကြောင်း ၂၀၂၇ ဧပြီမှာ ပြသရမယ်။ ဘဏ္ဍာရေးဝန်ကြီးနဲ့အတူ အလုပ်လုပ်နေပါတယ်။ ကွင်းပိုင်ရှင်တွေနဲ့လည်း တိုင်ပင်နေတယ်။ ဘောလုံးကွင်းတွေက အားကစားရဲ့ စီးပွားရေးအင်အားဖြစ်သလို၊ နိုင်ငံသားတွေအတွက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့က အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ စားပွဲဝိုင်းမှာပဲ အချိန်ကုန်နေကြတယ်။ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုပါပြီ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent