■ ကုန်ကျစရိတ်ချွေတာနိုင်ရန်အတွက် အမြဲတမ်းဝန်ထမ်း (၁၁၅၀) ရှိသည့်အနက် ဝန်ထမ်း (၂၅၀) ကို မန်ယူအသင်း လျှော့ချမည်     

■ ကုန်ကျစရိတ်ချွေတာနိုင်ရန်အတွက် အမြဲတမ်းဝန်ထမ်း (၁၁၅၀) ရှိသည့်အနက် ဝန်ထမ်း (၂၅၀) ကို မန်ယူအသင်း လျှော့ချမည်     
Photo: Getty Images
Photo: Getty Images
Published 5 July 2024

မန်ယူအသင်းအနေဖြင့် ကုန်ကျစရိတ် ချွေတာနိုင်ရန်အတွက် အမြဲတမ်းဝန်ထမ်း (၁၁၅၀) ရှိသည့်အနက် ဝန်ထမ်း (၂၅၀) ကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    

မန်ယူအသင်း၏ ဘောလုံးလုပ်ငန်းများ ဆောင်ရွက်မှုကို စီမံခန့်ခွဲခွင့်ရထားသည့် Ineos လုပ်ငန်းစုအနေဖြင့် ၂၀၂၄-၂၀၂၅ ရာသီအကြို ကုန်ကျစရိတ် သုံးသပ်မှုပြုလုပ်ပြီးနောက် ဇူလိုင် (၃) ရက်က ပြုလုပ်သည့်အစည်းအဝေးတွင် ဝန်ထမ်းများအား အဆိုပါအစီအစဉ်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။ 

ယင်းအစီအစဉ်ကို ယာယီအမှုဆောင်ချုပ်ဖြစ်သူ ယန်းကလော်ဒီဘလန့်က အသိပေးပြောကြားခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအတွက် ထိတ်လန့်တုန်လှုပ်စရာသတင်းဖြစ်ကြောင်း  ဗြိတိန်သတင်းဌာနများက ဖော်ပြခဲ့သည်။

    

မန်ယူအသင်းတွင် အမြဲတမ်းဝန်ထမ်း (၁၁၅၀) ရှိသည့်အနက် လေးပုံတစ်ပုံဝန်းကျင်ဖြစ်သည့် ဝန်ထမ်း (၂၅၀)အထိ လျှော့ချမည်ဖြစ်ပြီး ကုန်ကျစရိတ်ချွေတာနိုင်ရန်နှင့် မရှိမဖြစ်လိုအပ်သော လှုပ်ရှားမှုအချို့ကို ရပ်တန့်ရန် ရည်ရွယ်ကြောင်း သိရသည်။ 

မန်ယူအသင်း ပူးတွဲရှယ်ယာရှင်ဖြစ်သူ Ineos လုပ်ငန်းစုပိုင်ရှင် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် ယခုအစီအစဉ်မှ ပေါင်သန်းနှင့်ချီ၍ အသုံးစရိတ်လျှော့ချနိုင်ရန် မျှော်မှန်းထားပြီး ပထမအသင်းလူစာရင်းနှင့် အသုံးအဆောင်ပစ္စည်းများ အတွက် ပြန်လည်အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

    

ယခုအစီအစဉ်တွင် မန်ချက်စတာယူနိုက်တက် ဖောင်ဒေးရှင်းမှလွဲ၍ အသင်း၏ ဌာနအသီးသီးနှင့် အဆင့်အားလုံးမှ ဝန်ထမ်းများပါဝင်ကြောင်း သိရသည်။ 

Ineos အနေဖြင့် ပြီးခဲ့သည့်ရာသီကတည်းက ကုန်ကျစရိတ်လျှော့ချသည့်အစီအစဉ်အချို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဝင်ဘလေကွင်း၌ ကျင်းပသည့် FA ဖလားဗိုလ်လုပွဲသို့ ဝန်ထမ်းများအား ခေါ်ဆောင်ခြင်းနှင့် ဧည့်ဝတ်ပြုခြင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

    

Ineos လုပ်ငန်းစုသည် မန်ယူအသင်း၏ ရှယ်ယာ ၂၇ ဒသမ ၇ ရာခိုင်နှုန်းကို ဖေဖော်ဝါရီတွင် အပြီးသတ်ဝယ်ယူနိုင်ခဲ့ပြီး ပေါင် ၁ ဒသမ ၂၅ ဘီလျံ ပေးချေခဲ့ရသည်။ 

ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းအပါအဝင် အခြေခံအဆောက်အအုံများနှင့် အနာဂတ်အတွက် ပေါင် (၂၃၅) သန်း ထပ်မံရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ကနဦးအဖြစ် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပေါင်သန်း (၅၀) အကုန်အကျခံ၍ ပြင်ဆင်ရန် စီစဉ်ထားသည်။

    

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၈) နေရာသာ ရပ်တည်နိုင်ခဲ့သော်လည်း FA ဖလားပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သောကြောင့် လာမည့် ၂၀၂၄-၂၀၂၅ ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ 

Most Read

Most Recent