ယူရို-၂၀၂၀ ဗိုလ်လုပွဲ၌ ပယ်နယ်တီလွဲချော်ခဲ့သော်လည်း ဆွစ်ဇာလန်နှင့်ပွဲတွင်  ပယ်နယ်တီကန်ရန် မိမိကိုယ်မိမိ ယုံကြည်မှုရှိခဲ့သည်ဟု ဆာကာ ပြောကြား

ယူရို-၂၀၂၀ ဗိုလ်လုပွဲ၌ ပယ်နယ်တီလွဲချော်ခဲ့သော်လည်း ဆွစ်ဇာလန်နှင့်ပွဲတွင်  ပယ်နယ်တီကန်ရန် မိမိကိုယ်မိမိ ယုံကြည်မှုရှိခဲ့သည်ဟု ဆာကာ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 8 July 2024

အင်္ဂလန်တိုက်စစ်ကစားသမား ဆာကာက ယူရို- ၂၀၂၀ ဗိုလ်လုပွဲ၌ ပယ်နယ်တီလွဲချော်ခဲ့သော်လည်း ယူရို- ၂၀၂၄ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ဆွစ်ဇာလန်နှင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ၌ မိမိကိုယ်မိမိ ယုံကြည်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ၂၀၂၁ ခုနှစ်က ကျင်းပခဲ့သော ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိရန် နီးစပ်ခဲ့သော်လည်း ဝင်ဘလေကွင်း၌ ကျင်းပခဲ့သော နောက်ဆုံးဗိုလ်လုပွဲတွင် အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းအတွက် ဟာရီကိန်းနှင့် မက်ဂွိုင်းရားတို့က ပယ်နယ်တီဝင်အောင် ကန်သွင်းနိုင်ခဲ့သော်လည်း ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဆာကာတို့ မဝင်ခဲ့သည့်အတွက် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဝေဖန်ပြစ်တင်မှု၊ လှောင်ပြောင်ရှုတ်ချမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဆာကာသည် ဆွစ်ဇာလန်နှင့်ပွဲတွင် ယုံကြည်မှုအပြည့်ဖြင့် ပယ်နယ်တီကန်သွင်း ခဲ့ခြင်းဖြစ်သည်။ "ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ တစ်ကြိမ် ကျရှုံးခဲ့ဖူးတဲ့ အခြေအနေမျိုးနဲ့ နောက်တစ်ကြိမ် ကြုံတွေ့ရတဲ့အခါ ကျွန်တော်က ထပ်ကြိုးစားကြည့်ဖို့ ရွေးချယ်ချင်တဲ့သူပါ။ ဒီလိုအခြေအနေမျိုးကနေ ပြန်လာနိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ပိုပြီးသန်မာလာစေဖို့ ကျွန်တော် လုပ်ဆောင်ခဲ့ပါတယ်"ဟု ဆာကာက ပြောကြားခဲ့သည်။

ဆာကာသည် ယင်းပွဲတွင် အင်္ဂလန်အသင်းအတွက်  ချေပဂိုးကိုလည်း သွင်းယူပေးခဲ့သူဖြစ်ပြီး ပယ်နယ်တီအဆုံးအဖြတ်၌ တတိယမြောက်ပယ်နယ်တီကို ကန်သွင်းခဲ့ခြင်းဖြစ်သည်။ အချက်အလက်မှတ်တမ်းများအရ ဆာကာသည် ယင်းပွဲ၏ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားလည်း ဖြစ်ခဲ့သလို၊ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့သည်။ ယင်းအတွက် အင်္ဂလန်အသင်းအား ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်သို့ ရောက်ရှိရန် အဓိကစွမ်းဆောင်ပေးခဲ့သူတစ်ဦးအဖြစ် ချီးကျူးမှုများလည်း ရှိနေသည်။ ယင်းအခြေအနေတွင် အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဆန်ချိုက ဆာကာ၏ ပယ်နယ်တီကန်သွင်းမှုအပေါ် ဂုဏ်ပြုချီးကျူးမှုမှာလည်း လူမှုကွန်ရက်တွင် ပရိသတ်များကို သဘောကျစေခဲ့သည်။ ဆန်ချိုက "ဒီငနဲအတွက် အရမ်း ဂုဏ်ယူပါတယ်။ မင်းက ငါနဲ့ မားကပ်စ်(ရပ်ရှ်ဖို့ဒ်)အတွက် လုပ်ဆောင်ပေးခဲ့ပါပြီ"ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ ဆန်ချိုသည် ယူရို-၂၀၂၀ ဗိုလ်လုပွဲ၌ ၎င်းတို့သုံးဦး ပယ်နယ်တီလွဲချော်ခဲ့သည့်ဖြစ်ရပ်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။ ယခု ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ၎င်းင်းနှင့် ရပ်ရှ်ဖို့ဒ်တို့ ရွေးချယ်ခံရခြင်း မရှိဘဲ ဆာကာတစ်ဦးတည်းသာ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent