အစ္စရေးမြောက်ပိုင်းရှိ အစ္စရေးစစ်သားများနှင့် စစ်ဘက်နေရာများကို လောလောလတ်လတ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု လက်ဘနွန်၏ ဟစ်ဇဘိုလာအဖွဲ့ ပြောကြား

အစ္စရေးမြောက်ပိုင်းရှိ အစ္စရေးစစ်သားများနှင့် စစ်ဘက်နေရာများကို လောလောလတ်လတ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု လက်ဘနွန်၏ ဟစ်ဇဘိုလာအဖွဲ့ ပြောကြား
လက်ဘနွန်တောင်ပိုင်း နာဘာတီယာခရိုင် ကေဖိုးမြို့ကို အစ္စရေးတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးနေပုံကို သြဂုတ် ၁၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
လက်ဘနွန်တောင်ပိုင်း နာဘာတီယာခရိုင် ကေဖိုးမြို့ကို အစ္စရေးတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးနေပုံကို သြဂုတ် ၁၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 19 August 2024

အစ္စရေးမြောက်ပိုင်းရှိ စစ်သားများနှင့် စစ်ဘက်နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု သြဂုတ် ၁၉ ရက်တွင် ဟစ်ဇဘိုလာက ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုများထဲတွင် စစ်အခြေစိုက်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု၊ လက်ဘနွန်နယ်စပ်အနီးကို စိမ့်ဝင်လာသည်ဟုဆိုသော အစ္စရေးစစ်သားများကို တိုက်ခိုက်မှုတို့ ပါဝင်သည်ဟု ဆိုသည်။

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့သည် အောက်တိုဘာ ၇ ရက် ဂါဇာစစ်ပွဲစတင်ကတည်းက နယ်စပ်တွင်  အစ္စရေးစစ်သားများနှင့်နေ့စဉ်နီးပါး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများဖြစ်ပွားနေခဲ့သည်။

ဟားမာ့စ်ခေါင်းဆောင်နှင့် ဟစ်ဇဘိုလာ တပ်မှူးတို့ လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ အစ္စရေးကြောင့်ဟု ဆိုကာ အစ္စရေးကို လက်တုံ့ပြန် အသင့်ဖြစ်နေပြီဟု အီရန်နှင့် အီရန်၏ မဟာမိတ်အဖွဲ့များက ပြောကြားခဲ့ပြီးနောက် ဒေသတွင်းစစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာလိမ့်မည့် လက်ဘနွန်နိုင်ငံအတွက် စိုးရိမ်မှုများ တိုးလာနေသည်။

လက်ဘနွန်၏ ဟစ်ဇဘိုလာအဖွဲ့အပြင် အီရန်ကျောထောက်နောက်ခံပြုထားသော အခြားအဖွဲ့များ၏ ကြီးမားသည့် စစ်ရေးလှုပ်ရှားမှု ဖြစ်ပေါ်လာတော့မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြသည့် အနေအထားတွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက “သူတို့က ကျွန်တော်တို့ကို တိုက်ရဲတယ်ဆိုရင် သူတို့ဟာ ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

အစ္စရေးစစ်ဘက်နေရာနှစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ထားသော ဒရုန်းများဖြင့် တစ်ပြိုင်တည်းလေကြောင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု သြဂုတ် ၁၉  ရက်တွင် ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။  နယ်စပ်အနီးရှိ အစ္စရေးစစ်တန်းလျားများနှင့် နယ်စပ်မှ ၁၀ မိုုင်(၁၅ ကီလိုမီတာ) အကွာတွင်ရှိသော ကမ်းရိုးတန်းမြို့ အခရီအနီးရှိ အခြေစိုက်စခန်းတစ်ခုတို့ကို  ဖောက်ခွဲရေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုများသည် လက်ဘနွန် တောင်ပိုင်းတိုင်ရီဒေသတွင် အစ္စရေးလုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုနှင့် လုပ်ကြံမှုတို့ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။ သြဂုတ်၁၇ ရက် အစ္စရေး တိုက်ခိုက်မှုကြောင့် တိုင်ရီဒေသတွင် ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။

အစ္စရေးလေယာဉ်က တိုင်ရီဒေသ၌ ဟစ်ဇဘိုလာအတွက် လှုပ်ရှားပေးနေသူတစ်ဦးကို ရှင်းလင်းခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး သေဆုံးသွားသူသည် ဟစ်ဇဘိုလာထိပ်တန်းတပ်ဖွဲ့“ရက်ဝမ်”တွင် တပ်မှူးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု ဆိုသည်။

နယ်စပ်အနီးကို ထိုးဖောက်စိမ့်ဝင်လာသော အစ္စရေးစစ်သားအုပ်စုကို ညပိုင်းတွင် ဟစ်ဇဘိုလာ တိုက်ခိုက်ရေး သမားများက ပစ်မှတ်ထားခဲ့ပြီး ၎င်းတို့ကို ရော့ကတ်များ၊ လက်နက်ကြီးများဖြင့် ရင်ဆိုင်ခဲ့သောကြောင့် ၎င်းစစ်သားများ ပြန်သွားခဲ့ကြရသည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

နောက်ထပ် အစ္စရေးစစ်တန်းလျားများကို ရော့ကတ်ဖြင့်လည်းကောင်း၊ လက်နက်ကြီးဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ဟစ်ဇဘိုလာက ပြောကြားခဲ့ပြီး ယခုတိုက် ခိုက်မှုများသည် “ရန်သူ အစ္စရေး တိုက်ခိုက်မှု”များအတွက် လက်တုံ့ပြန်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

Ref:AFP

                                                           

Most Read

Most Recent